The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ပြိုင်ဘက်ထံကနေ ဘူအိုနာနော့တီကို ခေါ်ယူလိုက်တဲ့ ချဲလ်ဆီးအသင်း

လိဒ်ယူနိုက်တက်အသင်းဟာ ဒီအပတ်မှာ ဆေးစစ်မှုခံယူဖို့ စီစဉ်ထားတဲ့ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ နီးစပ်နေခဲ့ပါတယ်။

ဒါပေမဲ့ ဘူအိုနာနော့တီဟာ ကြာသပတေးနေ့က အနောက်ယော့ခ်ရှိုင်းယားကို လေယာဉ်နဲ့ မထွက်ခွာတော့တာကြောင့် ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ လှုပ်ရှားမှုတွေ စတင်ခဲ့ပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းနဲ့ ဘူအိုနာနော့တီကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီချက်တွေ အပြီးသတ်နေပြီး ကစားသမားကလည်း စတန်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ တနင်္လာနေ့ အပြောင်းအရွှေ့ကာလ မပိတ်ခင် တိုက်စစ်ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ဈေးကွက်ထဲမှာ လိုက်လံရှာဖွေနေခဲ့ပါတယ်။ ဇာဗီ ဆိုင်မွန်စ်က တော့တင်ဟမ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ ဘူအိုနာနော့တီဘက်ကို ဦးလှည့်လာခဲ့တာ ဖြစ်ပါတယ်။

ဘူအိုနာနော့တီဟာ ပြီးခဲ့တဲ့ရာသီက လက်စတာစီးတီးအသင်းကို အငှားနဲ့ ရောက်ရှိခဲ့ပြီး ၃၅ ပွဲ ပါဝင်ကစားခဲ့ကာ ၆ ဂိုးသွင်းယူပြီး ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဘရိုက်တန်အသင်းဟာ ဘူအိုနာနော့တီကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက အာဂျင်တီးနားကလပ် ရိုဆာရီယို ဆန်ထရယ်အသင်းကနေ ပေါင် ၅.၃ သန်းနဲ့ စတင်ခေါ်ယူခဲ့ပါတယ်။ ဒီကွင်းလယ်ကစားသမားဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၂ ပွဲ ပါဝင်ကစားထားပါတယ်။

ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ ယူနိုက်တက်ကနေ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့တဲ့ အလက်ဟန်ဒရို ဂါနာချိုရဲ့ အပြောင်းအရွှေ့ကိုလည်း မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ချဲလ်ဆီးအသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီး ၇ နှစ်စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။