The network connection is lost.

Banner Image

ပုံစံကောင်းပျောက်ဆုံးနေတဲ့ ကိုးလ်ပယ်လ်မာဆီမှ အများကြီးမမျှော်လင့်ကြပါနဲ့လို့ တောင်းဆိုလိုက်တဲ့ မာရက်စ်ကာ

ဆောက်သမ်တန်ကို လေးဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဒီနေ့မနက်ပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အံ့အားသင့်လောက်စရာစွမ်းဆောင်ပြနိုင်ခဲ့တဲ့ ကိုးလ်ပယ်လ်မာရဲ့ပုံစံကို အချိန်တိုင်းသတိရတောင့်တနေတာမျိုး မဖြစ်စေဖို့ လိုလားနေခဲ့ပါတယ်။၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ စွမ်းဆောင်ပြခဲ့တဲ့ ကိုးလ်ပယ်လ်မာက ၂၀၂၅ နှစ်ဆန်းပိုင်းမှာတော့ ရုန်းကန်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။

ဆောက်သမ်တန်ကို လေးဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်က ပယ်လ်မာရဲ့ပြိုင်ပွဲစုံခုနစ်ပွဲဆက် ဂိုးပါဝင်ပတ်သက်မှုမရှိတဲ့ ပွဲစဉ်ဖြစ်လာခဲ့ပြီး ပထမပိုင်းပွဲချိန်အတွင်းမှာပင် အခွင့်အရေးကောင်းနှစ်ခုကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ အခုလို ကိုးလ်ပယ်လ်မာရဲ့ရုန်းကန်ရမှုတွေရှိနေပေမယ့် ချဲလ်ဆီးကတော့ အန်ကွမ်ကူ၊ နက်တို၊ ကိုလ်ဝဲ၊ ကူကူရယ်လာတို့ရဲ့သွင်းဂိုးတွေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲရရှိခဲ့ပါတယ်။

အစောပိုင်းမှာလည်း မာရက်စ်ကာက ချဲလ်ဆီးအနေဖြင့် ကိုးလ်ပယ်လ်မာကို အရမ်းကြီးမမှီခိုသင့်ဘူးလို့ သတိပေးခဲ့ပြီးပါပြီ။ဆောက်သမ်တန်ကို အနိုင်ရရှိတဲ့ပွဲစဉ်အပြီး TNT Sports သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာတော့ မာရက်စ်ကာက အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ဆိုးရွားတဲ့အခိုက်အတန့်ကို ဖြတ်သန်းနေတယ်လို့ ပြောပါတယ်။

မာရက်စ်ကာက “ကျွန်တော်တို့အားလုံး ကစားသမားဟောင်းတွေ ဖြစ်တယ်။ ကျွန်တော်တို့အားလုံးလည်း ဆိုးရွားတဲ့အခိုက်အတန့်အချို့ကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ပယ်လ်မာဆီမှ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လုပ်ပြခဲ့တဲ့ပုံစံမျိုး (သို့မဟုတ်) ပထမရာသီဝက်စွမ်းဆောင်ရည်မျိုးကို မျှော်လင့်ထားလို့ မရပါဘူး။

ဒါက သာမန်အခြေအနေပါပဲ။ သူလည်း လူသားတစ်ဦးပါ။ ဒါက သာမန်အခြေအနေပဲဆိုတာ သူ့ကို ပြောပြပြီးပါပြီ။ သူကိုယ်တိုင်လည်း အဆင်ပြေပြီး ပျော်ရွှင်နေပါတယ်။ အဝတ်လဲခန်းထဲမှာ ပယ်လ်မာက ဝါရင့်ကစားသမားအချို့နဲ့ အတွေ့အကြုံဖလှယ်ခဲ့ပြီး ထိပ်တန်းကစားသမားတိုင်း ဆိုးရွားတဲ့အခိုက်အတန့်တွေ ဖြတ်သန်းရတယ်ဆိုတာ သူသိလာခဲ့ပါတယ်။ ဒီလိုပဲ တုံ့ပြန်သွားရပါမယ်။ အလုပ်ကို တည်တည်ငြိမ်ငြိမ်၊ ပျော်ပျော်ရွှင်ရွှင်၊ ရယ်ရယ်မောမော ကြိုးစားလုပ်ဆောင်ပြီး ဘောလုံးကစားရပါမယ်။ ဒါကိုပဲ လုပ်ဆောင်သွားရပါမယ်”လို့ ပြောပါတယ်။

ဆောက်သမ်တန်ကို အနိုင်ရရှိတဲ့ပွဲစဉ်မတိုင်ခင် ချဲလ်ဆီးက ပြိုင်ပွဲစုံသုံးပွဲဆက်ရှုံးပွဲကြုံတွေ့ကာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်အမှတ်ပေးဇယားသတ္တမနေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ချဲလ်ဆီးက မန်စီးတီး၊ နယူးကာဆယ်တို့ရဲ့ဗုဒ္ဓဟူးညပိုင်းပွဲစဉ်တွေမတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ပြန်လည်ရောက်ရှိလာပြီး မာရက်စ်ကာကိုယ်တိုင်လည်း သုံးမှတ်အပြည့်ရရှိမှုရဲ့အရေးပါပုံကို သိရှိနားလည်ခဲ့ပါတယ်။

မာရက်စ်ကာက “ ကျွန်တော်တို့အားလုံးအတွက် နိုင်ပွဲလိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်က ဘရိုက်တန်နဲ့ပွဲစဉ်မှလွဲလို့ ပုံမှန်အတိုင်း ရှိနေခဲ့ပါတယ်။ ကလပ်အသင်းအတွက် အခုလိုနိုင်ပွဲကို လိုအပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်လကျော်ကာလတွေအထိ ကစားသမားတွေကို လုပ်ငန်းစဉ်အပေါ်မှာ ပိုပြီးယုံကြည်မှုရှိနေဖို့ ကျွန်တော် တွန်းအားပေးခဲ့ရပါတယ်။ ကျွန်တော်တို့တွေ TOP 4 နဲ့ မလှမ်းမကမ်းမှာပဲ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ဆိုးရွားတဲ့အခိုက်အတန့်အချို့ကို ဖြတ်သန်းရတယ်ဆိုတာ သာမန်အခြေအနေပဲ ဖြစ်ပါတယ်။ ဒါက ကိုယ် ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ကိုယ့်အလုပ်အပေါ် ဘယ်လောက်အထိယုံကြည်မှုရှိသလဲဆိုတဲ့ အချက်နဲ့သာ သက်ဆိုင်ပါတယ်။ကစားသမားတွေကတော့ နေ့စဉ် အံ့အားသင့်လောက်စရာကောင်းအောင် အလုပ်တွေ ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

အခုအချိန်မှာတော့ ချဲလ်ဆီးက မတ် ၆ ရက်၊ ကိုပင်ဟေဂင်နဲ့ရင်ဆိုင်ရမယ့် ယူရိုပါကွန်ဖရန့်လိဂ် ၁၆-သင်း ရှုံးထွက်ပထမအကျော့ပွဲစဉ်မတိုင်ခင် ရက်သတ္တပတ်တစ်ပတ်ခန့် အားလပ်ရက်ရရှိသွားပါလိမ့်မယ်။ ကိုပင်ဟေဂင်နဲ့ပွဲစဉ်အပြီး သုံးရက်အကြာမှာတော့ ချဲလ်ဆီးက မာရက်စ်ကာရဲ့အသင်းဟောင်းဖြစ်တဲ့ လက်စတာနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ရပါမယ်။