The network connection is lost.

Banner Image

ပီအက်စ်ဂျီကိုအနိုင်ယူဖို့ ယုံကြည်ချက်အပြည့်ရှိကြောင်း ပြောကြားလာတဲ့ ကိုဝဲလ်

ချဲလ်ဆီးနောက်ခံလူ လီဗိုင်ကိုဝဲလ်က အသင်းဟာ အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့လိုမဟုတ်တာကြောင့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကိုအနိုင်ယူဖို့ ယုံကြည်ချက်အပြည့်ရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ဟာ တနင်္ဂနွေနေ့မှာ ကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာထိပ်တိုက်တွေဆုံနေတာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ ဥရောပချန်ပီယံပီအက်စ်ဂျီကိုအနိုင်ယူဖို့အတော်လေး ရုန်းကန်သွားရချေရှိပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်ကို သမိုင်းဝင်ဂိုးပြတ်နိုင်ပွဲအဖြစ် ၅-၀ နဲ့အနိုင်ယူခဲ့သလို၊ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်မှာလည်း ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ 

သို့သော်တစ်ဖက်မှာ ပုံစံကောင်းရနေတဲ့ချဲလ်ဆီးကလည်း ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ ဘင်ဖီကာကို ၄-၁၊ ကွာတားဖိုင်နယ်မှာ ပါမီးရက်စ်ကို ၂-၁၊ ဆီမီးဖိုင်နယ်မှာ ဖလူမီးနိစ်ကို ၂-၀ နဲ့အသီးသီးအနိုင်ယူပြီး ဗိုလ်လုပွဲသို့တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကိုဝဲလ်ကအသင်းဟာ ပီအက်စ်ဂျီကိုအနိုင်ယူဖို့အတွက်လည်း ယုံကြည်ချက်ရှိနေတာဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

အင်္ဂလန်လက်ရွေးစင်က “ပီအက်စ်ဂျီက မယုံနိုင်လောက်အောင်ကောင်းတဲ့အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့က အင်တာမီလန်တို့၊ ရီးရဲလ်မက်ဒရစ်တို့မဟုတ်ပါဘူး။ မတူညီတဲ့ရလဒ်တစ်ခုကို ပုံဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ မတူညီတဲ့ကစားသမားတွေရှိပြီး ယုံကြည်မှုလည်းအပြည့်ရှိပါတယ်။ အနိုင်ရဖို့ကြိုးစားသွားပါမယ်။ တစ်ကမ္ဘာလုံးကလူတွေက ပီအက်စ်ဂျီနိုင်မယ်လို့မျှော်လင့်ထားကြပေမယ့် ကျွန်တော်တို့အသင်းထဲမှာတော့ ဒီလိုမထင်ကြပါဘူး”

“ဒီပြိုင်ပွဲကိုစပြိုင်ကတည်းက ကျွန်တော်တို့ ဒီအထိလာနိုင်မယ်လို့ ကျွန်တော်ယုံကြည်ခဲ့ပါတယ်။ ကျွန်တော် ဒီဆုဖလားကိုယူမယ်လို့လည်း ပြောခဲ့ပါတယ်။ အခုအခြေအနေတွေအရ ကျွန်တော်မလိမ်ဘူးဆိုတာ အားလုံးမြင်တွေ့ရမှာပါ။ အသင်းဖော်တွေမှာလည်း စိတ်ဓာတ်ပိုင်းအမြင့်ဆုံးရောက်နေပြီး ဗိုလ်လုပွဲအတွက် ရင်ခုန်နေပါတယ်။ ချဲလ်ဆီးကစားသမားတစ်ယောက်ဖြစ်တဲ့အခါ ဘယ်အသင်းကိုမှကြောက်နေလို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ကွန်းဖရန့်လိဂ်ဆုဖလားကိုဆွတ်ခူးထားတဲ့ ချဲလ်ဆီးအနေနဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီကို အနိုင်ရသွားမလားဆိုတာ တနင်္ဂနွေနေ့မှာ စောင့်ကြည့်သွားရပါမယ်။