The network connection is lost.

Banner Image

သမိုင်းသစ်ရေးထိုးကြဖို့ ပီအက်စ်ဂျီကစားသမားတွေကို တိုက်တွန်းလိုက်တဲ့ လူးဝစ်အင်းနရစ်

ဒီည၊ မြူးနစ်မြို့မှာ အင်တာမီလန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွင်း ကလပ်အသင်းသမိုင်းတလျှောက် ပထမဆုံးချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးခြင်းဖြင့် သမိုင်းသစ်ရေးထိုးကြဖို့ ပီအက်စ်ဂျီကစားသမားတွေဆီ နည်းပြလူးဝစ်အင်းနရစ်က စိန်ခေါ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာသာ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်ရောက်ခဲ့ဖူးပြီး ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့တဲ့ ပီအက်စ်ဂျီက ၁၉၉၃ ခုနှစ်၊ မာဆေးလ်အသင်းနောက်ပိုင်း ဥရောပချန်ပီယံသရဖူဆောင်းနိုင်တဲ့ ဒုတိယမြောက်ပြင်သစ်ကလပ်အသင်းဖြစ်လာဖို့ ရည်မှန်းထားပါတယ်။

ချန်ပီယံလိဂ်အတွေ့အကြုံပိုင်းမှာ အင်တာမီလန်က အသာစီးရရှိထားပေမယ့် အခုညပိုင်းဗိုလ်လုပွဲအတွက် လီဂူးဝမ်းချန်ပီယံတွေသာ အနိုင်ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဒါ့အပြင် လူးဝစ်အင်းနရစ်ကလည်း ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်မှာ ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။ သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း လူးဝစ်အင်းနရစ်က “သမိုင်းသစ်ရေးထိုးတယ်ဆိုတာ ကိုယ့်ရဲ့ကလပ်အသင်းမှာ ဘယ်သူမှမလုပ်ဖူးခဲ့တဲ့အရာတစ်ခုကို လုပ်လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့စိတ်ဓါတ်ပိုင်းကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ ကျွန်တော်တို့ ရှိနေချင်တဲ့နေရာမှာ ရောက်ရှိနေပါပြီ။ တက်နိုင်သမျှအကောင်းဆုံးကြိုးစားပြီး မနက်ဖြန်ပွဲစဉ်ကို အနိုင်ယူသွားချင်ပါတယ်။ ကျွန်တော်တို့ရဲ့ခရီးစဉ်က ရှည်လျားကောက်ကွေ့ပြီး ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲရဲ့အစောပိုင်းပွဲစဉ်တွေမှာ ရုန်းကန်းခဲ့ရမှုတွေက အခုအချိန် ကျွန်တော်တို့အတွက် အကူအညီဖြစ်ခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ ဖိုင်နယ်တက်ရောက်နိုင်ဖို့ ဖိုင်နယ်တွေအများကြီးကစားခဲ့ရပြီး ကျွန်တော်တို့အပေါ် ထိုးနှက်လာတဲ့အရာတွေကိုလည်း ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အခုအချိန်အထိ ကြောက်ရွံ့တဲ့လက္ခဏာမျိုး မပြသခဲ့ပါဘူး။ မနက်ဖြန်ပွဲစဉ်ကိုလည်း ကြောက်ရွံ့နေမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

လူးဝစ်အင်းနရစ်က ၂၀၁၅ ခုနှစ်၊ ဘာလင်မြို့မှာ ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ သူက “ ရင့်ကျက်လာမှုကြောင့် ကျွန်တော့်ရဲ့စိတ်တွေ တည်ငြိမ်အေးချမ်းနေပါပြီ။ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုစာ အတွေ့အကြုံတွေကို ပိုင်ဆိုင်ထားပါတယ်။ ကိုယ်တိုင်လည်း ၁၀ နှစ်လောက် ပိုအိုသွားပါပြီ။ ဒါကြောင့် ကျွန်တော့်ရဲ့အတွေ့အကြုံတွေကို ကျွန်တော့်ရဲ့ကစားသမားတွေဆီ မျှဝေသွားပါမယ်။ ဒါက သူတို့အတွက် အရမ်းကောင်းတဲ့အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

အသင်းလူစာရင်းတစ်ခုကို စီမီခန့်ခွဲရတဲ့ နည်းပြတစ်ယောက်မှာ ရည်မှန်းချက်ဆိုတာ တစ်ခုတည်းပဲ ရှိပါတယ်။ ဒါကတော့ ကွင်းတွင်းမှာ အနိုင်ရရှိစေရေးအတွက် ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို တက်နိုင်သမျှအကောင်းဆုံးထုတ်သုံးနိုင်အောင် သေချာလုပ်သွားဖို့ပါပဲ။ ဒီအသင်းက ဖိုင်နယ်ပွဲစဉ်ကစားရခြင်းနဲ့ အသားကျနေပါပြီ။ စိတ်အားထက်သန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေက အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အဲ့ဒီလိုအလေ့အကျင့်နဲ့ အသားကျနေခဲ့ပါပြီ။ ကျွန်တော်တို့မှာ အသင်းလိုက်ဟန်ချက်တစ်ခုရှိခဲ့ပြီး ဘာကိုမှမပြောင်းလဲခဲ့ပါဘူး။ ကျွန်တော့်မှာ ထူးခြားတဲ့လူစာရင်းတစ်ခုရှိပြီး သူတို့တွေအကုန်လုံးမှာ အကောင်းမြင်စိတ်အပြည့်ရှိပါတယ်”လို့ ပြောပါတယ်။