
အင်တာမီလန်နဲ့ပွဲမှာ လီဝန်ဒေါစကီး အရန်ကစားသမားအဖြစ်ပါဝင်နိုင်မယ်လို့ ဖလစ်အတည်ပြု
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းရဲ့ အားထားရတဲ့ ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ အင်တာမီလန်နဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ပါဝင်ကစားသွားနိုင်မယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ အင်တာမီလန်ကို ၃-၃ နဲ့သရေကျခဲ့တဲ့ ပထမအကျော့ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် ယခုတစ်ခေါက် အီတလီမြေသို့ထွက်ခွာခဲ့တဲ့ ဘာစီလိုနာရဲ့လူစာရင်းမှာတော့ ပါဝင်ခဲ့တယ်လို့သိရပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဖလစ်က "လီဝန်ဒေါစကီး ကြံ့ခိုင်မှုအခြေအနေကောင်းပါတယ်။ ဒီပွဲမှာ အရန်ကစားသမားအဖြစ်ပါဝင်သွားမှာပါ။ ဒဏ်ရာပြဿနာတွေက အသင်းကို အခက်တွေ့စေပါတယ်။ ကွန်ဒီနဲ့ ဘယ်လ်ဒီတို့ရဲ့ ဒဏ်ရာတွေက အသင်းအတွက်ထိုးနှက်ချက်တွေပါပဲ။ ဒါပေမယ့် ကျွန်တော်တို့မှာ အဲရစ်၊ ဟတ်တာနဲ့ အရူဂျိုတို့လိုကစားသမားတွေကျန်ပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
အင်တာမီလန်နဲ့ ပထမအကျော့ပွဲစဉ်မှာ ကွန်ဒီက ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တာဖြစ်ပေမယ့် ဘယ်လ်ဒီကတော့ အဆိုပါပွဲစဉ်ကိုပါ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ပထမအကျော့မှာ ဘာစီလိုနာအတွက် လူငယ်ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်က အဓိကခြေစွမ်းပြခဲ့ပါတယ်။
ဆက်လက်ပြီး ဖလစ်က "အသင်းတိုင်းမှာ ပြဿနာကိုယ်စီရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာထူးခြားတဲ့ ကစားသမားတွေပိုင်ဆိုင်ထားပါတယ်။ ယာမယ်လ်က ဉာဏ်ကြီးရှင်တစ်ယောက်ပါ။ ပထမအကျော့မှာ အသင်းကို အကူအညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဒီလိုခြေစွမ်းမျိုး အမြဲတမ်းထိန်းသိမ်းထားနိုင်တယ်ဆိုတာလည်း သက်သေပြဖို့လိုပါတယ်"
"ကျွန်တော်တို့ ဗိုလ်လုပွဲကို တက်လှမ်းချင်ပါတယ်။ ဒါကြောင့် အသင်းရဲ့ကစားသမားတွေအားလုံး အမြင့်ဆုံးခြေစွမ်းနဲ့ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။အသင်းက ဒီရာသီမှာ ဆုဖလား ၂ လုံးရထားပြီးပါပြီ။ ဒီတစ်ခေါက်ပွဲကလည်း ဆီမီးဖိုင်နယ်ပါ။ကစားသမားတွေက အရှုံးမပေးတတ်ပါဘူး။ ပြီးခဲ့တဲ့ပွဲမှာ အင်တာက အခွင့်အရေးမှန်သမျှကို အသုံးချနိုင်ခဲ့ပါတယ်။ မနက်ဖြန်မှာတော့ ကျွန်တော်တို့ ခံစစ်ကိုအဓိက အသားပေးပြီးကစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ပထမအကျော့မှာ ဒဏ်ရာရပြီး လူစားလဲခံခဲ့ရတဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ဟာ အသင်းနဲ့အတူ လေကျင့်ခန်းအပြည့်အဝဆင်းနိုင်ခဲ့တယ်လို့ သိရပြီး ယခုပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာနိုင်ချေရှိပါတယ်။ သို့သော်လည်း ဘင်ဂျမင်ပါဗတ်ကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ယခုပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။