
အေစီမီလန်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အာဆင်နယ် နဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်း
သတင်းတွေအရ အေစီမီလန်အသင်းဟာ နည်းပြသစ်နေရာအတွက် ဖာဘရီဂတ်စ်ကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ပေါ်တိုနည်းပြဟောင်း ကွန်ဆီကာအိုက ဒီဇင်ဘာတုန်းက အေစီမီလန်ကိုတာဝန်ယူခဲ့ပေမယ့် သူ့နည်းပြဘဝက တိုတောင်းဖွယ်ရှိနေပါတယ်။ ၂ ပွဲဆက်အရေးနိမ့်ပြီး အဆင့် ၈ နေရာရောက်နေတဲ့အပြင် ချန်ပီယံလိဂ်မှာလည်း ဖီယင်နုကိုအရေးနိမ့်ခဲ့တာကြောင့် အထုတ်ခံရဖို့ နီးစပ်နေပါတယ်။
အီတလီကလာတဲ့သတင်းတွေအရ ကွန်ဆီကာအိုရဲ့အခြေအနေဟာ ဖိအားတွေများနေပြီး မကြာခင် အထုတ်ခံရနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနကတော့ ဖာဘရီဂတ်စ်ဟာ အေစီမီလန်ရဲ့နံပတ် ၁ ပစ်မှတ်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။အသက် ၃၇ နှစ်သားဟာ ကိုမိုအသင်းကို အီတလီစီးရီးအေတန်းတက်လာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ဒီရာသီမှာ အနည်းငယ်ရုန်းကန်နေရပေမယ့် ဖီအိုရင်တီးနား နဲ့ နာပိုလီတို့ကိုအနိုင်ရခဲ့တာကြောင့် တန်းဆင်းရမယ့်အခြေအနေက ရုန်းထွက်နိုင်ချေများနေပါတယ်။
အေစီမီလန်ကတော့ ဖာဘရီဂတ်စ်အပြင် ဆာရီ နဲ့ ဒီဇာဘီတို့ကိုပါ ချိတ်ဆက်နေပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဖာဘရီဂတ်စ်ဟာ အနာဂတ်ရဲ့ချဲလ်ဆီးအသင်းနည်းပြဖြစ်နိုင်တယ်လို့ အသင်းဖော်ဟောင်း ရီမီက ထင်ကြေးပေးခဲ့ပါတယ်။ “ဆက်စ်က လာမယ့်အနာဂတ်ရဲ့ချဲလ်ဆီးအသင်းနည်းပြဖြစ်နိုင်ပါတယ်။ ကစားသမားဘဝတုန်းက သူဘယ်လောက်တောင် ပါးနပ်ခဲ့လဲဆိုတာ ခင်ဗျားမြင်မှာပါ။ လေ့ကျင့်ခန်းအစီအစဉ်မှာတောင် သူက မမျှော်လင့်ထားတဲ့ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ သူက ဘောလုံးနဲ့အတူတူဆိုရင် အရမ်းပါးနပ်သလို ပွဲအရှိန်ကိုလည်း အတင်အချလုပ်နိုင်ပါတယ်။ သူ့လိုကစားသမားမျိုးနဲ့တွဲကစားရတာက အရမ်းကိုလွယ်ကူလှပါတယ်။ ကိုမိုဆိုရင်လည်း အခုတော်တော်လေးတိုးတက်လာပါတယ်။ ကစားသမားဘဝက ဘောလုံးအမြင်ကော နည်းပြဘ၀ ဘောလုံးအမြင်လည်း အတူတူပါပဲ။ အဲ့တာက သူ့အနေနဲ့ ချဲလ်ဆီးနည်းပြဖြစ်လာနိုင်တယ်ဆိုတာကို ပြသနေပါတယ်။ သူဒီအခြေအနေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် အနာဂတ်မှာ ချဲလ်ဆီးနည်းပြဖြစ်လာနိုင်ပါတယ်”လို့ ရီမီက ပြောကြားခဲ့ပါတယ်။