The network connection is lost.

Banner Image

ဖလက်ချာကို ဖယ်ရှားပြီး ကာရစ်ကို ရာသီကုန်အထိခန့်အပ်ဖို့ ဆုံးဖြတ်ထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ယာယီနည်းပြ ဒါရင်းဖလက်ချာကို ရာထူးမှရပ်ဆိုင်းကာ ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို နည်းပြသစ်အဖြစ် ရာသီကုန်အထိ ခန့်အပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရူဘင်အာမိုရင်ကို ရာထူးမှထုတ်ပယ်ပြီး ဖလက်ချာကို နည်းပြအဖြစ် ယာယီခန့်အပ်ခဲ့တဲ့ယူနိုက်တက်ဟာ အသင်းရဲ့နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားနဲ့ ကာရစ်တို့အနက်မှ တစ်ဦးကို ပြန်လည်ခေါ်ယူဖို့အတွက် ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအချိန်အထိတော့ ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားနဲ့ ကာရစ်တို့အကြား တရားဝင်ရွေးချယ်မှု မပြုလုပ်ရသေးပေမယ့် နာမည်ကျော်သတင်းထောက် ဘင်ယာကော့စ်ရဲ့အဆိုအရ အင်္ဂါနေ့မှာ ယူနိုက်တက်ဟာ ကာရစ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း တရားဝင်ကြေညာလာဖွယ်ရှိတယ်လို့သိရပါတယ်။ 

ယာကော့စ်က "ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီမှာ နည်းပြသစ်ကို ကြေညာလာဖွယ်ရှိပြီး လော‌လောဆယ်မှာတော့ ဆိုးလ်ရှားအစား ကာရစ်က နည်းပြသစ်ဖြစ်လာဖို့ ပိုမိုအလေးသာနေပါတယ်။ ယူနိုက်တက်အနေနဲ့ ကာရစ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း လာမယ့် ၄၈ နာရီအတွင်းမှာပဲ တရားဝင်ကြေညာချက်ထုတ်ပြန်လာဖို့ရှိပါတယ်" လို့ပြောကြားထားတာဖြစ်ပါတယ်။ 

အာမိုရင်ကိုထုတ်ပယ်ခဲ့ပြီးနောက် ဖလက်ချာရဲ့ဦးဆောင်မှုအောက်မှာ ယူနိုက်တက်ဟာ ဘန်လေကို ၂-၂ နဲ့သရေကျခဲ့သလို၊ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာလည်း ဘရိုက်တန်ကို ၁-၂ နဲ့အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရတာကြောင့် စကော့တလန်သားကို ရာထူးမှဆက်လက်ထားရှိဖို့ ခက်ခဲခဲ့ပါတယ်။ 

ယခုနှစ်ရာသီအစောပိုင်းမှာ အင်္ဂလန်ဒုတိယတန်းကလပ် ဂရင်းစ်ဘီကိုရှုံးနိမ့်ပြီး ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ယူနိုက်တက်ဟာ ယခုအခါမှာလည်း အက်ဖ်အေဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာကြောင့် ၁၉၈၁-၈၂ ဘောလုံးရာသီနောက်ပိုင်း ပြည်တွင်းဖလားပြိုင်ပွဲ ၂ ခုစလုံးမှ ပထမဆုံးအကြိမ် အစောဆုံးထွက်ခွာခဲ့ရတဲ့ မှတ်တမ်းဆိုးကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဆိုးလ်ရှားကို  နည်းပြချုပ်အဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၃ နှစ်ကြာခန့်အပ်ခဲ့ပြီး ထိုစဉ်က ကာရစ်ဟာ လက်ထောက်နည်းပြသာဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ ကာရစ်က နည်းပြချုပ်အဖြစ် တာဝန်ယူသွားတော့မှာဖြစ်ပါတယ်။ 

လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးနဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး ကာရစ်အနေနဲ့ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်ကို စတင်ကိုင်တွယ်သွားဖွယ်ရှိပါတယ်။