ယခုရာသီအကုန်မှာပဲ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲသွားမယ့် အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီဟာ ယခုရာသီအကုန်မှာပဲ အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ အီတလီသားနည်းပြဟာ အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ၂၀၂၄-၂၅ ရာသီအကုန်မှာပဲ ထွက်ခွာဖို့ဆုံးဖြတ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ဘရာဇီးလက်ရွေးစင်အသင်းကိုကိုင်တွယ်ဖို့ နီးစပ်ခဲ့တဲ့ အန်ဆယ်လော့တီဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာပဲ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။
အသက်-၆၅ နှစ်အရွယ်အီတလီသားဟာ ပြီးခဲ့တဲ့လက ရီးရဲလ်မက်ဒရစ်အတွက် တိုက်ကြီးများဖလားကို ကာတာမှာ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းအတွက် ဆုဖလား စုစုပေါင်း ၁၅ ကြိမ်အထိရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ပါတယ်။ သတင်းတွေအရ အန်ဆယ်လော့တီဟာ ယခုရာသီကုန်မှာပဲ ဆန်တီယာဂိုဘာနေဗျူးကနေထွက်ခွာတော့မယ်ဆိုပေမယ့် ရီးရဲလ်မက်ဒရစ်မှာနေထိုင်ရတာကို ပျော်ရွှင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဝါရင့်နည်းပြဟာ မန်နေဂျာဘဝကနေ အနားယူသွားဖို့မရှိသေးဘဲ နိုင်ငံအသင်းတစ်သင်းကို ဆက်လက်ဦးဆောင်သွားဖွယ်ရှိနေပါတယ်။ တကယ်လို့ အန်ဆယ်လော့တီသာ ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာမယ်ဆိုရင် လက်ရှိ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်ကိုဦးဆောင်နေတဲ့ ဇာဘီအလွန်ဆိုက နည်းပြသစ်ဖြစ်လာဖို့ အလားအလာများနေပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆဲလ်ဘတ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်လို့ လောလောဆယ်မှာတော့ အန်ဆယ်လော့တီတစ်ယောက် အဆိုပါပွဲစဉ်အတွက်ပဲ အာရုံစိုက်ပြီး ပြင်ဆင်မှုတွေပြုလုပ်နေမှာဖြစ်ပါတယ်။