The network connection is lost.

Banner Image

ပလိုင်းမောက်ရဲ့ Gameplan အပေါ် ချီးကျူးဂုဏ်ပြုခဲ့တဲ့ လီဗာပူးနည်းပြ အန်းစလော့

ပလိုင်းမောက်နဲ့အက်ဖ်အေဖလားပွဲစဉ်အတွင်း လီဗာပူးကစားသမားတွေ မိနစ် ၁၀၀ ကြာ တိုက်ပွဲဝင်ခဲ့ပေမယ့် လိုအပ်နေတဲ့စံနှုန်းအဆင့်အတန်းမျိုး ပြည့်မီနိုင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ နည်းပြအန်းစလော့က ပြောခဲ့ပါတယ်။ ယမန်နေ့ညပိုင်း၊ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ပလိုင်းမောက်က လီဗာပူးကို ရိုင်ယန်ဟာဒီးရဲ့ ပွဲချိန် ၅၃ မိနစ် ပယ်နယ်တီသွင်းဂိုးနဲ့အတူ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အန်းစလော့က အမ်ယိုနီ၊ ဂျိမ်းစ်မက်ကော်နယ်တို့လို လူငယ်ကစားသမားတွေကို ပွဲထွက်ခွင့်ပေးခြင်းနဲ့အတူ အပြောင်းအလဲများစွာ ပြုလုပ်လာခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းတိုက်စစ်ပိုင်းမှာ ချီယေဆာ၊ ဂျိုတာ၊ လူးဝစ်ဒီယက်ဇ်တို့လို စီနီယာကစားသမားတွေ ပါဝင်ခဲ့ပေမယ့် လုံလဝီရိယအပြည့်၊ ကြိုးစားအားထုတ်မှုအပြည့် ကစားနေတဲ့ အိမ်ရှင်တွေရဲ့စုဖွဲ့မှုကို ဖြိုခွဲပစ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အန်းစလော့ကတော့ သူ့ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကို အပြစ်မတင်ခဲ့ပေမယ့် မျှော်လင့်ထားသလောက် စွမ်းဆောင်နိုင်ခြင်းမရှိလို့ အန်ဖီးလ်မှာ အတိုင်းအတာတစ်ခုအထိ ထိခိုက်နစ်နာမှု ရှိခဲ့တယ်လို့ သတိပေးခဲ့ပါတယ်။ကြိုးကြာနီတွေက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာမှ ဦးဆောင်နေသလို ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလားပြိုင်ပွဲပြေးလမ်းမှာလည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ITV သတင်းဌာနနဲ့တွေ့ဆုံချိန် အန်းစလော့က “ ပလိုင်းမောက်အတွက် နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါတယ်။ သူတို့မှာ ကောင်းမွန်တဲ့ Gameplan တစ်ခုရှိခဲ့ပြီး ဒီနေ့၊ သူတို့ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ဂုဏ်ပြုမှုအားလုံးနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့အတွက်တော့ အရမ်းကောင်းမွန်တဲ့နေ့ရက်တစ်ခု မဖြစ်လာခဲ့သလို အခုလိုရလဒ်မျိုးလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ကောင်လေးတွေက မိနစ် ၁၀၀ ပြည့် တိုက်ပွဲဝင်ခဲ့လို့ သူတို့တွေ တိုက်ပွဲမဝင်ခဲ့ဘူးလို့တော့ ကျွန်တော် မပြောနိုင်ပါဘူး။ နှစ်သင်းလုံးက အခွင့်အရေးတွေ အများကြီးမဖန်တီးနိုင်ခဲ့ပါဘူး။ အခုပွဲစဉ်ကို မှန်မှန်ကန်ကန်ပေးအပ်ခဲ့တဲ့ ပယ်နယ်တီအခွင့်အရေးတစ်ကြိမ်ကပဲ အဆုံးအဖြတ်ပေးသွားပါတယ်။ ဒါပေမယ့် နေရာလွတ်တွေ အများကြီးမရှာဖွေနိုင်တဲ့ အသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံတဲ့ အခုလိုပွဲစဉ်မျိုးမှာ အခိုက်အတန့်တစ်ခုကပဲ အဆုံးအဖြတ်ဖြစ်သွားနိုင်ပါတယ်။ဒီအခိုက်အတန့်ကတော့ ပလိုင်းမောက်အတွက်ပဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ပလိုင်းမောက်က အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခုကို ကစားခဲ့လို့ အခုရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ ပါဝင်ကစားတဲ့ကစားသမားအားလုံးက အခုထက်ပိုကောင်းအောင်လုပ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ယူဆမိပေမယ့် အခုကတော့ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့တောင် အတော်လေးခက်ခဲတဲ့ ကစားဟန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနေ့မြင်တွေ့ခဲ့ရတဲ့ ပုံစံမျိုးပေါ့။ အခုထက်ပိုကောင်းတဲ့ ပွဲစဉ်တစ်ခုကို ကစားရဖို့ ကျွန်တော်တို့အားလုံးမျှော်လင့်ခဲ့ပေမယ့် ပလိုင်းမောက်ကိုလည်း အပြည့်အဝဂုဏ်ပြုပါတယ်။ ဒီရလဒ်က လီဗာပူးအသင်းနဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်း၊ ပရိသတ်၊ ကစားသမားတွေနဲ့ ကျွန်တော်တို့အားလုံးကို နာကျင်စေပါတယ်။ကျွန်တော်တို့အားလုံး ဒီပြိုင်ပွဲမှာရှေ့ဆက်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် စောစောစီးစီးပဲ ထွက်ခွာရမယ်ဆိုရင် ဒါက ဆုတ်ယုတ်မှုတစ်ခု ဖြစ်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့က နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်း ၁၀ မိနစ်/၁၅ မိနစ်လောက်မှ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် လုပ်အားနှုန်းပြဿနာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ အခွင့်အရေးကောင်းများစွာကို မရှာဖွေနိုင်ခဲ့ပါဘူး”လို့ ပြောပါတယ်။

လီဗာပူးအသင်းက လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပရီမီးယားလိဂ်လက်ကျန်ပွဲစဉ်အဖြစ် အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။