
အာဆင်နယ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်တို့ကို စိတ်မဝင်စားဘဲ ယူနိုက်တက်သို့သာ ပြောင်းရွှေ့လိုတဲ့ အမ်ဘွေမို
ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုဟာ နောက်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ အာဆင်နယ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို စိတ်ဝင်စားခြင်းမရှိဘဲ မန်ချက်စတာယူနိုက်တက်သို့သာ ပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
The Athletic သတင်းဌာနရဲ့အဆိုအရ အမ်ဘွေမိုဟာ ဘရန့်ဖို့ဒ်မှထွက်ခွာပါက အခြားကလပ်တွေအစား ယူနိုက်တက်သို့သာပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဘက်ကသာ ခေါ်ယူဖို့ကမ်းလှမ်းမှုပြုလုပ်ပါက ကစားသမားနဲ့ပဲ အဓိကဆွေးနွေးညှိနှိုင်းသွားရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အမ်ဘွေမိုဟာ အထင်ကြီးလောက်စရာခြေစွမ်းနဲ့အတူ ပရီးယားလိဂ် သွင်းဂိုး ၂၀ အထိရရှိခဲ့ပြီး မိုဟာမက်ဆာလက်၊ အလက်ဇန်းဒါးအီဆက်နဲ့ အာလင်းဟာလန်းတို့နောက် စတုတ္ထမြောက်ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားကြတဲ့ အာဆင်နယ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်တို့ဟာ ကင်မရွန်းလက်ရွေးစင်ကို စိတ်ဝင်စားကြောင်းဖော်ပြခဲ့ကြပေမယ့် ကစားသမားဟာ ဥရောပဝင်ခွင့်မရတဲ့ယူနိုက်တက်နဲ့သာ လက်တွဲလိုနေတာဖြစ်ပါတယ်။
အမ်ဘွေမိုဟာ ဘောလုံးသမားဘဝမှာ ချက်ချင်းလက်ငင်းအောင်မြင်လာခဲ့သူမဟုတ်ဘဲ ယခင်က ဒုတိယတန်းအဆင့် ကလပ်တွေမှာကစားခဲ့ရသလို ၂၀၂၁ ခုနှစ်ရောက်မှသာ ဘရန့်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်သို့စတင်တန်းတက်လာခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ်တိုးတက်လာခဲ့သူဖြစ်ပါတယ်။ အမ်ဘွေမိုအနေနဲ့ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ဆန္ဒရှိနေပေမယ့် ရူဘင်အာမိုရင်ရဲ့အသင်းကတော့ ဥရောပဝင်ခွင့်မရရှိတာကြောင့် ဘဏ္ဍာငွေအမြောက်အများသုံးစွဲခွင့်မရလို့ အပြီးသတ်ခေါ်ယူနိုင်ဖို့ အခက်အခဲရှိနိုင်ပါတယ်။
လက်ရှိအချိန်မှာ အမ်ဘွေမိုဟာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပေမယ့် နောက်ထပ် ၁ နှစ်ဆက်လက်သက်တမ်းတိုးဖို့ အခွင့်အရေးရှိနေပါသေးတယ်။ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စဖရန့်ခ်က ယခုနှစ်ရာသီအတွင်း ကစားသမားကို ရောင်းချဖို့အစီအစဉ်ရှိကြောင်း ပြောကြားထားပေမယ့် သင့်တင့်မျှတတဲ့ဈေးနှုန်းကိုပေးချေဖို့လိုအပ်တယ်လို့ဆိုပါတယ်။