
ဝက်ကင်းစ်ကိုခေါ်ယူဖို့ ယူနိုက်တက်ကို အမ်ဘွေမိုတိုက်တွန်း
ယခုနွေရာသီအတွင်း ဘရန့်ဖို့ဒ်မှ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုက အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အက်စတွန်ဗီလာကြယ်ပွင့် အိုလီဝက်ကင်းစ်ကိုခေါ်ယူဖို့ တိုက်တွန်းပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ယခုနွေရာသီအတွင်း တိုက်စစ်မှူးသစ်တစ်ဦးထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် ဈေးကွက်အတွင်းမှာတော့ အိုလီဝက်ကင်းစ်နဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ဆခိုတို့သာ ကျန်ရှိတော့တာကြောင့် အဆိုပါကစားသမား ၂ ဦးထဲမှ ၁ ဦးကို အမိအရခေါ်သွားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ကစားသမား ၂ ဦးစလုံးရဲ့ ကိုယ်စားလှယ်တွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ ယူဆရပါတယ်။
ဆက်ဆခိုက အလားအလာကောင်းတွေအများအပြားပိုင်ဆိုင်ထားတဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်သလို၊ ဝက်ကင်းစ်လည်း အက်စတွန်ဗီလာအတွက် စုစုပေါင်း ၇၅ ဂိုးအထိ ပရီးမီးယားလိဂ်မှာ သွင်းယူပေးထားနိုင်တဲ့ ဝါရင့်တိုက်စစ်မှူးဖြစ်နေပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ ဘယ်ကစားသမားကို အမိအရခေါ်ယူသွားမလဲဆိုတာ အခုချိန်အထိ မေးခွန်းတစ်ခုအဖြစ်ကျန်ရှိနေဆဲဖြစ်ပေမယ့် အမ်ဘွေမိုကတော့ ဝက်ကင်းစ်ကိုခေါ်ယူဖို့ တိုက်တွန်းလာခဲ့ပါတယ်။
ဝက်ကင်းစ်ဟာ ဘရန့်ဖို့ဒ်မှာရှိနေစဉ်က အမ်ဘွေမိုနဲ့ အတူတူတွဲဖက်ကစားဖူးသူဖြစ်ပြီး နောက်ပိုင်းကျမှသာ အက်စတွန်ဗီလာသို့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ အမ်ဘွေမိုက "ဝက်ကင်းစ်က ပြီးပြည့်စုံတဲ့တိုက်စစ်မှူးပါ။ သူလုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ တိုက်စစ်မှူးစစ်နေရာမှာပဲဖြစ်ဖြစ် နောက်ချန်တိုက်စစ်မှူးပဲဖြစ်ဖြစ် သူနေရာစုံကစားနိုင်ပါတယ်။ ဒီအချက်က ကျွန်တော်တို့ကို တောင်ပံကစားသမားတွေအတွက် အရမ်းအဆင်ပြေစေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့နေရာလွတ်ကို ဝင်ကစားပြီး အခွင့်အရေးတွေဖန်တီးနိုင်လို့ပါ။ ပြီးတော့ သူက တွဲဖက်ကစားဖို့ အရမ်းကောင်းတဲ့ကစားသမားမျိုးပါ" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ဝက်ကင်းစ်ဟာ အက်စတွန်ဗီလာနဲ့လမ်းခွဲပြီး အာဆင်နယ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်ထားခဲ့ပါတယ်။ ထိုစဉ်က ဗီလာဟာ အင်္ဂလန်လက်ရွေးစင်ရဲ့ပြောင်းရွှေကြေးကို ပေါင်သန်း ၆၀ အထိသတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ သတင်းတွေအရ ယူနိုက်တက်ဟာ ဝက်ကင်းစ်ကိုခေါ်ယူဖို့ ပေါင် ၄၅ သန်းဝန်းကျင်သာ အသုံးပြုရနိုင်ချေရှိတယ်လို့သိရပါတယ်။
သို့သော်လည်း ဝက်ကင်းစ်ကိုမခေါ်ယူမီမှာ ယူနိုက်တက်အနေနဲ့ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဂျေဒန်ဆန်ချို၊ အန်တိုနီ၊ အလီဂျန်ဒရိုဂါနာချိုနဲ့ တိုင်ရဲလ်မာလာစီယာတို့ကို ရောင်းချပြီး ဘဏ္ဍာငွေရှာဖွေဖို့ လိုအပ်နေပါသေးတယ်။