
အလုပ်ဖြုတ်ခံခဲ့ရတဲ့ ယူနိုက်တက်ဝန်ထမ်းတစ်ဦးကို နေ့လယ်စာဝယ်ကျွေးခဲ့တဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းရဲ့တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်လက်ထက် ဝန်ထမ်းလျှော့ချရေးစီမံချက်မှာ အလုပ်ဖြုတ်ခံခဲ့ရတဲ့ အသင်းရဲ့ ဝန်ထမ်းဟောင်းတစ်ဦးကို နေ့လယ်စာဝယ်ကျွေးခဲ့တယ်လို့သိရပါတယ်။ ရက်ကလစ်ဖ်ရောက်ရှိလာပြီးနောက်ပိုင်းမှာ ယူနိုက်တက်အနေနဲ့ အသင်းမှာ ပိုလျှံနေတဲ့ ဝန်ထမ်း ၂၅၀ ခန့်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး အဆိုပါစာရင်းထဲမှာ အသင်းအတွက် နှစ်ပေါင်း ၂၅ နှစ်လောက် အလုပ်လုပ်ခဲ့တဲ့ ဂျွန်အယ်လန်ကလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်မှာ အလုပ်လုပ်စဉ်က အယ်လန်ဟာ အသင်းမှစီနီယာကစားသမားအချို့နဲ့ ရင်းနှီးခဲ့တယ်လို့သိရပြီး ယခုအခါမှာ သူ့ကို ဖာနန်ဒက်စ်နဲ့ အတူတူတွဲလျက် မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ The Sun သတင်းဌာနရဲ့အဆိုအရ ဖာနန်ဒက်စ်နဲ့ အယ်လန်တို့ဟာ ဝယ်လ်မ်စလိုးရှိ ဂျူနီပါ စားသောက်ဆိုင်မှာ နေ့လယ်စာစားခဲ့ကြတယ်လို့ သိရပါတယ်။
ယခုနှစ်အစောပိုင်းကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း ရက်ကလစ်ဖ်က လာမယ့်ခရစ္စမတ်ကာလမှာ အသင်းဟာ ကုန်ကျစရိတ်ချွေတာဖို့ ဝန်ထမ်းလျှော့ချရေးတွေဆက်လက်ပြုလုပ်သွားဖို့ရှိကြောင်း ပြောကြားထားခဲ့ပါတယ်။ လာမယ့်သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လိုင်ယွန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပထမအကျော့မှာ ၂-၂ နဲ့သရေကျထားခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်ဖို့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာမဖြစ်မနေ နိုင်ပွဲဖော်ဆောင်သွားရပါမယ်။