ကိုလံဘီယာနဲ့ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ဖို့မျှော်လင့်နေတဲ့ ဘရာဇီးနည်းပြ
ဘရာဇီးလက်ရွေးစင်နည်းပြ ဒိုရိုင်ဘယ်ဂျူနီယာက အင်္ဂါနေ့မှာ ကိုလံဘီယာနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကိုပါအမေရိက အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ပြိုင်ဆိုင်မှာပြင်းထန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။
အုပ်စုအဖွင့်ပွဲစဉ်မှာ သရေ ရလဒ်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်မှသာ အနိုင်ရခဲ့တဲ့ ဘရာဇီးဟာ အုပ်စုပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရကာ အုပ်စုကိုထိပ်ဆုံးကနေဦးဆောင်ထားတဲ့ ကိုလံဘီယာနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ဆိုရင်တော့ အနိုင်ကစားဖို့လိုအပ်နေတာဖြစ်ပါတယ်။
တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒိုရိုင်ဘယ်က “လက်ရှိ ကိုလံဘီယာရဲ့မျိုးဆက်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အကောင်းဆုံးလို့ထင်ပါတယ်။ ကစားသမားအများစုက ကမ္ဘာပေါ်က အကောင်းဆုံးကလပ်တွေမှာကစားနေကြပြီး အချို့ဆိုရင် ကျွန်တော်တို့နိုင်ငံထဲမှာ ကစားနေကြတာပါ။ ဒီပွဲက ပြီးခဲ့တဲ့ပွဲတွေကထက် ပိုပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်မယ်ဆိုတာ သံသယမရှိပါဘူး။ နှစ်သင်းစလုံးက ခံစစ်ကိုအသားပေးပြီး ကစားပေမယ့် ဒီပွဲမှာ အခွင့်အရေးတွေ အပြန်အလှန်ရကြမယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က အခွင့်အရေးကို ပိုပြီးတော့ ကောင်းကောင်းအသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ကိုလံဘီယာဟာ နိုင်ငံတကာပွဲစဉ် ၂၅ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘဲ နိုဝင်ဘာလကကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း ဘရာဇီးကို ၂-၁ နဲ့ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဒိုရိုင်ဘယ်ကတော့ သူ့အနေနဲ့ အသင်းရဲ့လုပ်ငန်းစဉ်အပေါ်အာရုံစိုက်ထားတာကြောင့် အနိုင်ရမယ်လို့မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။
အသက်-၆၂ နှစ်အရွယ်နည်းပြက “ကိုလံဘီယာက စိတ်ဝင်စားစရာကောင်းတဲ့ အသင်းတစ်သင်းပါ။ သူတို့ ၂၅ ပွဲဆက်တိုက်မရှုံးအောင်ကစားထားနိုင်ပြီး ဒီစွမ်းဆောင်ရည်က ကံကောင်းလို့မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုတွေအများကြီး ရှိနေတယ်ဆိုတာ သိသာပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေကို နားလည်ပြီး အခက်အခဲတွေကို အဖြေရှာနိုင်ဖို့လိုအပ်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဘရာဇီးက တိုးတက်လာပြီဖြစ်တာကြောင့် မကြာခင်မှာပဲ ဆင့်ကဲပြောင်းလဲမှုတွေကို မြင်တွေ့ရတော့မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးအနေနဲ့ ယခု ကိုလံဘီယာနဲ့ပွဲစဉ်မှာ ပြိုင်ပွဲအတွင်း အဝါကတ်ထိထားတဲ့ အီဒါမီလီတော၊ လူးကပ်စ်ပါကွီတာနဲ့ ဗင်နီစီးယက်စ်ဂျူနီယာတို့ကို အနားပေးသွားမှာမဟုတ်ဘူးလို့သိရပါတယ်။