
ဘရာဇီးကို ကမ္ဘာ့ချန်ပီယံထပ်ဖြစ်လာအောင် လမ်းပြပေးမယ်လို့ ကတိပြုလိုက်တဲ့ အန်ဆယ်လော့တီ
ဆဋ္ဌမအကြိမ် ကမ္ဘာ့ချန်ပီယံဖြစ်စေရေးရည်မှန်းချက်နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်ရေးအလို့ငှာ အခက်အခဲတွေကြားရောက်ရှိနေတဲ့အသင်းကို ကယ်တင်နိုင်ရေးလုပ်ငန်းတာဝန်နဲ့အတူ ဘရာဇီးလက်ရွေးစင်အသင်းနည်းပြအဖြစ် တနင်္လာနေ့မှာ အန်ဆယ်လော့တီ ထွက်ပေါ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းက လာမယ့်ဇွန်လအတွင်း အီကွေဒေါ၊ ပါရာဂွေးတို့နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို သူ့ရဲ့လုပ်ငန်းတာဝန်သစ်အတွက် ပွဲဦးထွက်ပွဲစဉ်တွေအဖြစ် ကိုင်တွယ်သွားဖို့ ရှိနေပြီး ဒီပွဲစဉ်တွေအတွက် သူ့ရဲ့ကစားသမားစာရင်းကိုလည်း ရွေးချယ်ထားခဲ့ပါတယ်။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်(CBF)ရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အသက်-၆၅ နှစ်အရွယ် အီတာလျံနည်းပြကြီးက “ ကမ္ဘာ့အကောင်းဆုံးအသင်းကို ဦးဆောင်ခွင့်ရရှိလို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော့်ရဲ့ရှေ့မှောက်မှာ ကြီးမားတဲ့အလုပ်တစ်ခုတော့ ရှိနေပါပြီ။ ဒီစိန်ခေါ်မှုက အရမ်းကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျေနပ်အားရမိပါတယ်။ကျွန်တော်နဲ့ ဒီအသင်းကြားမှာ ထူးခြားတဲ့ဆက်နွယ်မှုတစ်ခု အမြဲတမ်းလိုလိုရှိခဲ့ပါတယ်။ ဘရာဇီးတို့ နောက်တစ်ကြိမ်ချန်ပီယံဖြစ်လာဖို့ ကျွန်တော်တို့အားလုံး အတူတကွလုပ်ဆောင်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
မတ်လအတွင်း အာဂျင်တီးနားကို ၄-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ ဒိုရီဗယ်လ်ဂျူနီယာရဲ့နေရာကို အန်ဆယ်လော့တီ ဆက်ခံသွားရပါလိမ့်မယ်။ လတ်တလောမှာ ဘရာဇီးက ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြောက်သင်းအထိ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့် တောင်အမေရိကဇုန်ခြေစစ်ပွဲအမှတ်ပေးဇယားရဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။
ဒီအသင်းက လွန်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်း အတော်လေးရုန်းကန်ခဲ့ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်မှာလည်း ခရိုအေးရှားကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းကစားခဲ့တဲ့ ၁၄ ပွဲမှာလည်း ငါးပွဲအထိ ရှုံးနိမ့်ပြီး ၁၆ ဂိုးအထိ ခွင့်ပြုပေးခဲ့ရပါတယ်။
“လာမယ့်ပွဲစဉ်နှစ်ခုက အလွန်အရေးကြီးပါတယ်။ အသင်းအတွက် နိုင်ပွဲဖော်ဆောင်ဖို့အရေးမှာ ကူညီပေးနိုင်ရန် အဆင်သင့်ပြင်ဆင်ထားတဲ့ ကစားသမားတွေကို ခေါ်ယူသွားဖို့ ကျွန်တော်ကြိုးစားထားခဲ့ပါတယ်။ ပရိသတ်တွေကိုယ်တိုင်ကလည်း ကျွန်တော်ကိုယ်တိုင် အကောင်းဆုံးလုပ်ဆောင်ပြီး ကမ္ဘာ့ဖလားချန်ပီယံ ထပ်ဖြစ်လာဖို့ လိုလားကြပါတယ်။ အတိတ်မှာ ကျွန်တော်လုပ်ပြနိုင်ခဲ့တဲ့အရာတွေကြောင့် သူတို့တွေ ကျွန်တော့်အပေါ်မှာ မျှော်လင့်ချက်ထားကြတာပါ။ ဒါပေမယ့် သူတို့တွေ အသင်းကိုလည်း အားပေးထောက်ခံကြမယ်လို့ မျှော်လင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ တိုင်းပြည်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုက အလွန်အရေးကြီးလို့ပဲ ဖြစ်ပါတယ်” လို့ ပရိသတ်တွေရဲ့မျှော်လင့်ချက်ကို ဖြည့်စည်းပေးနိုင်ဖို့ ယုံကြည်မှုအပြည့်ရှိနေတဲ့ အန်ဆယ်လော့တီက ဆက်ပြောပါတယ်။