The network connection is lost.

Banner Image

စလိုဗက်ကီးယားကို ရှုံးနိမ့်ရတာက နာကျင်စေတယ်လို့ တုံ့ပြန်ပြောဆိုလာတဲ့ ဘယ်လ်ဂျီယံနည်းပြ

ဘယ်လ်ဂျီယံနည်းပြ ဒိုမီနီကိုတက်ဒက်စ်ကိုက ယမန်နေ့ညက အသင်းရဲ့ယူအုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ စလိုဗက်ကီးယားကို ၀-၁ နဲ့ အမှတ်မထင်ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေကို ထောက်ခံပြောဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် ဒီရှုံးပွဲက နာကျင်ရတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ဘယ်လ်ဂျီယံဟာ တိုက်စစ်ပိုင်းက အခွင့်အရေးအများအပြားကို ဖန်တီးနိုင်ခဲ့သော်လည်း အဆုံးသတ်ညံ့ဖျင်းမှုတွေကြောင့် သွင်းဂိုးတော့ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် စလိုဗက်ကီးယားရဲ့နောက်တန်းကလည်း ဒီပွဲမှာ အတော်လေးတည်ငြိမ်ခဲ့ပြီး ပုံစံကောင်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ တက်ဒက်စ်ကိုက “ကျွန်တော်တို့ကောင်းကောင်းမလုပ်နိုင်တာ တစ်ခုပဲရှိခဲ့ပါတယ်။ အဲဒါကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာပါ။ အခွင့်အရေးတွေအများကြီး ရခဲ့ပါတယ်။ ကစားသမားတွေလည်း စိတ်ပျက်နေကြမှာပါ။ ကျွန်တော်တို့ သူတို့ကို ပွဲချိန်တစ်လျှောက်လုံးဖိအားပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပါတယ်။ ပုံမှန်ဆို ဒီလိုပွဲမျိုးက အနိုင်ရသင့်လို့ နာကျင်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တက်ဒက်စ်ကိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဘယ်လ်ဂျီယံကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၁၅ ပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ယခုအခါမှာတော့ ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။

ဘယ်လ်ဂျီယံက လူကာကူအတွက် ၂ ဂိုးအထိ သွင်းယူခဲ့သော်လည်း VAR နဲ့ပြန်လည် ပယ်ဖျက်ခံခဲ့ရတဲ့အပေါ် တက်ဒက်စ်ကိုက “ကျွန်တော်တို့အနေနဲ့ တရားမျှတမှုရှိတဲ့ အရှုံးသမားပဲဖြစ်ချင်ပါတယ်။ ပြီးတော့ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကိုလည်း ယုံကြည်ပါတယ်။ လူကာကူက သန်မာပြီး စိတ်ဓာတ်လည်းအများကြီးကြံ့ခိုင်ပါတယ်။ ဒီညမှာ ဒီဘရိုင်းလည်း အရမ်းကောင်းခဲ့ပြီး ကွင်းလယ်မှာ အရေးပါတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ သူကအသင်းအတွက် အရမ်းအရေးကြီးတဲ့ကစားသမားပါ” လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံဟာ ရိုမေးနီးယားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် သေချာပေါက် အနိုင်ကစားဖို့လိုအပ်နေပါတယ်။