ဂါလာတာစာရေးကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နည်းပြတီဒက်စကိုအား ရာထူးမှထုတ်ပယ်လိုက်တဲ့ ဖီနာဘာချီ
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဂါလာတာစာရေးနဲ့ပွဲစဉ်မှာ သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြတီဒက်စကိုရဲ့ရာထူးနေရာကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဖီနာဘာချီအသင်းမှ အတည်ပြုကြေညာခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် ဂါလာတာစာရေးအသင်းက ဖီနာဘာချီထက် ၇ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး လေးနှစ်ဆက်လိဂ်ချန်ပီယံဆုရရှိဖို့လည်း သေချာသလောက် ဖြစ်သွားပါတယ်။
ဖီနာဘာချီအသင်းကတော့ သူတို့ရဲ့ ထိပ်တိုက်ပြိုင်ဘက်အသင်းနောက်မှာ ထပ်မံရောက်ရှိသွားခဲ့လို့ မော်ရင်ဟိုရဲ့နေရာမှာ အစားထိုးခန့်အပ်ခဲ့တဲ့ တီဒက်စကိုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ "ဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေအရ ကျွန်တော်တို့ရဲ့နည်းပြချုပ်တီဒက်စကိုအပါအဝင် နည်းပြအဖွဲ့ဝင်တွေနဲ့ လမ်းခွဲလိုက်ပြီဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အသင်းရဲ့အားကစားဒါရိုက်တာဒေဗင်အိုဇက်၊ ဘောလုံးရေးရာညှိနှိုင်းရေးမှူး ဘာကီချီလီဘီတို့နဲ့လည်း လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
"အသင်းအတွက် သူတို့ရဲ့အားထုတ်မှုတွေကို ကျေးဇူးတင်ရှိသလို နောင်အနာဂတ်သက်တမ်းတစ်လျှောက်မှာလည်း အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ အခုရာသီ လက်ကျန်ပွဲစဉ်တွေမှာတော့ လက်ထောက်နည်းပြဇီကီမူရတ်ဂိုလီက အသင်းကို ဦးဆောင်သွားပါလိမ့်မယ်" လို့လည်း ဖီနာဘာချီအသင်းက ဆိုပါတယ်။