The network connection is lost.

Banner Image

ယူနိုက်တက် ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦးက အသင်းကို လေးစားမှု မရှိဟု ဆိုလိုက်တဲ့ ဒေးဗစ်ဘက်ခမ်း

ဘက်ခမ်းရဲ့အသင်းဟောင်းဟာ ၂၀၂၄-၂၅ ရာသီတွင် ဆိုးရွားသော ရာသီကို ဖြတ်သန်းခဲ့ရပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၁၅ နေရာဖြင့် ပြီးဆုံးကာ ယူရိုပါလိဂ် ဗိုလ်လုပွဲ တွင် တော့တင်ဟမ် ကို ရှုံးနိမ့်ခဲ့ပါတယ်။ ကွင်းအတွင်း ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်များက ဘက်ခမ်းကို စိတ်ပျက်စေခဲ့သော်လည်း အိုးထရက်ဖို့ဒ် ဂန္တဝင်က ကွင်းပြင်ပ ဖြစ်ရပ်များကြောင့်လည်း အံ့အားသင့်ခဲ့ရပါတယ်။

ကစားသမားအချို့က မှန်ကန်တဲ့ ပုံစံဖြင့် ပြုမူခြင်းမရှိ သို့မဟုတ် အသင်းအမှတ်တံဆိပ်ကို မှန်ကန်စွာ ကိုယ်စားမပြုဘူးလို့ ဘက်ခမ်းက ပြောထားပါတယ်။အင်္ဂလန်ကွင်းလယ်လူဟောင်းက ပရိသတ်များအပေါ် လေးစားမှုမရှိခြင်းကိုလည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အဆိုပါကိစ္စစာ ယူနိုက်တက်ရဲ့ ရာသီပိတ် ခရီးစဉ်အတွင်း ဂါနာချို နှင့် အာမက် ဒီယာလို တို့ရဲ့ ပြုမူပုံကို ရည်ညွှန်းနေပုံရပါတယ်။

အာမက်က ပြီးခဲ့တဲ့ရက်သတ္တပတ်က ပရိသတ်များကို လက်ခလယ်ထောင်ပြနေတဲ့ ဗီဒီယို ရိုက်ကူးခံခဲ့ရပြီး ဂါနာချို ကလည်း ကွာလာလမ်ပူရှိ ပရိသတ်များအတွက် လက်မှတ်ရေးထိုးပွဲတွင် အလားတူ အမူအရာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခုနွေရာသီတွင် ယူနိုက်တက်မှ ထွက်ခွာနိုင်တယ်လို့ ပြောကြားခံထားရသူ ဂါနာချိုက  သီးခြားဖြစ်ရပ်တစ်ခုတွင်  အခြားပရိသတ်တစ်ဦးနှင့် ရန်ဖြစ်နေတဲ့ ဗီဒီယို ရိုက်ကူးခံခဲ့ရပါတယ်။

"ခက်ခဲတဲ့အချိန်တွေပါပဲ၊ ဒါပေမယ့် ကလပ်မှာ ဖြစ်နေတဲ့ အချို့အရာတွေကို မြင်ရတာကို ကျွန်တော် မကြိုက်ဘူး" "ကွင်းထဲက ကစားတာက အရေးကြီးဆုံးပါပ၊ ဒါပေမယ့် ရိုးရိုးသားသားပြောရရင်၊ ကွင်းပြင်ပမှာ ဖြစ်နေတဲ့ အရာတွေ အများကြီးက ကျွန်တော့်မျက်စိထဲမှာ အဆင်မပြေပါဘူး။ ပရိသတ်တစ်ဦးအနေနဲ့ရော၊ ယူနိုက်တက်ကို ချစ်တဲ့သူတစ်ဦးအနေနဲ့ရောပါပဲ"

"ကစားသမားတွေ ပြုမူတဲ့ ပုံစံအကြောင်း ပြောနေတာပါ။ သင်ဟာ အသင်းတံဆိပ်ကို ကိုယ်စားပြုရမယ်၊ အဲဒါက အဓိကပါပဲ။ ကစားသမားတွေ မှန်ကန်တဲ့ ပုံစံနဲ့ မပြုမူကြတာတွေ အများကြီး ကျွန်တော် မြင်ခဲ့ရပါတယ်" "ကျွန်တော်တို့က အရမ်းကို ယဉ်ကျေးသိမ်မွေ့တဲ့ အသင်းတစ်သင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်။ ယူနိုက်တက်အတွက် ကစားရတာ ဘာကိုဆိုလိုသလဲဆိုတာ ကျွန်တော်တို့ နားလည်ခဲ့တယ်။ အသင်းတံဆိပ်ရဲ့ အဓိပ္ပါယ်ကို နားလည်ခဲ့တယ်"

"ကျွန်တော်တို့ ဘယ်ကိုပဲ ခရီးသွားသွား၊ ဥရောပမှာပဲ ဖြစ်ဖြစ်၊ အာရှမှာပဲ ဖြစ်ဖြစ်၊ ပရိသတ်တွေကို လေးစားခဲ့တယ်" "ပရိသတ်တွေကို လေးစားရမယ်။ ပရိသတ်တွေကို လေးစားရမယ်၊ သူတို့ လာရောက်တာ၊ ပိုက်ဆံပေးပြီး သင် လက်မှတ်ထိုးပေးတာနဲ့ ဓာတ်ပုံရိုက်တာတွေကို လိုချင်တာကို လေးစားရမယ်"

"အဲဒါကို လေးစားရမယ်။ အဲဒါကို ကျွန်တော် မတွေ့ရဘူး။ ကစားသမားအားလုံးကို ပြောနေတာ မဟုတ်ပါဘူး။ တစ်ဦး သို့မဟုတ် နှစ်ဦးက အဲဒါကို မလေးစားဘူးလို့ ကျွန်တော် ပြောနေတာပါ၊ အဲဒါကို ကျွန်တော် မကြိုက်ဘူး"  လို့ ဘက်ခမ်းက CBS Sports သို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အာရှရှိ ပထမဆုံး ပွဲစဉ်၌ အာဆီယံ All Star အသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် သောကြာနေ့တွင် ဟောင်ကောင် ကို ၃-၁ ဂိုး ဖြင့် အနိုင်ရခဲ့ပါတယ်။ အသင်းဟာ ဇူလိုင်လတွင် ရာသီကြို လေ့ကျင့်ရေး မစတင်မီ ယခုအခါ နွေရာသီ အနားယူခြင်းကို စတင်နေပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆွီဒင်တွင် တစ်ပွဲကစားပြီးနောက် အမေရိကသို့ သုံးပွဲကစားရန် ခရီးစဉ် ရှိနေပါတယ်။ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီကတော့ သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်မှာဖြစ်ပါတယ်။