
၂၀၂၅ ခုနှစ်အတွင်း ဘောလုံးပြန်ကစားနိုင်ဖို့ ရည်မှန်းထားတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်မူစီယာလာ
ဘိုင်ယန်မြူးနစ်ကွင်းလယ်တိုက်စစ်ကစားသမားမူစီယာလာက ဇူလိုင်လ၊ ကလပ်ကမ္ဘာဖလားခရီးစဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိပြီးနောက် အခုနှစ်ထဲမှာပဲ ဂျာမန်ချန်ပီယံတွေအတွက် ဘောလုံးပြန်ကစားပေးနိုင်ဖို့ ယုံကြည်ထားတယ်လို့ ယမန်နေ့(ဗုဒ္ဓဟူးနေ့)မှာ ပြောကြားခဲ့ပါတယ်။
အသက်-၂၂ နှစ်အရွယ်ဂျာမနီလက်ရွေးစင်ကစားသမားက အတ္တလန္တာမြို့မှာကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အတွင်း ပီအက်စ်ဂျီဂိုးသမားဟောင်းဒွန်နာရမ်မာနဲ့ မတော်တဆထိခိုက်ပြီးနောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။ SportBild မဂ္ဂဇင်းနဲ့တွေ့ဆုံချိန် မူစီယာလာက “ ခြေထောက်ရဲ့တိုးတက်မှု ကောင်းမွန်နေပြီး အစီအစဉ်အတိုင်း ကုသနေပါတယ်။ ချိုင်းထောက်တွေ မလိုအပ်တော့ပေမယ့် ကျွန်တော် အလျင်မလိုပါဘူး။ လိုအပ်သလောက် အချိန်ယူသွားပါမယ်။
ရက်အတိအကျလည်း မသတ်မှတ်ချင်ပါဘူး။ ဒါပေမဲ့ အခုအချိန်အထိ ရရှိထားတဲ့ တိုးတက်မှုတွေအရ ၂၀၂၅ ခုနှစ်အတွင်း ဘိုင်ယန်မြူးနစ်နဲ့အတူ ဘောလုံးပွဲစဉ်တွေကို ပါဝင်ကစားချင်ပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါချန်ပီယံဆုဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၂၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ရှစ်ကြိမ်ပြုလုပ်ပေးခဲ့တဲ့ မူစီယာလာက သူရရှိခဲ့တဲ့ဒဏ်ရာနဲ့ပတ်သက်လို့ အီတာလျံဂိုးသမားကို အပြစ်မတင်ဘဲ ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာမျိုးပါလို့ သုံးသပ်ခဲ့ပါတယ်။
မူစီယာလာက “ အစောပိုင်းရက်သတ္တပတ်တွေမှာတော့ စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော့်အတွက် သိပ်အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အခြေအနေနဲ့ပတ်သက်လို့ အမြဲတစေ စိတ်ပျက်နေစရာအကြောင်း မရှိပါဘူး”လို့ ဆိုပါတယ်။