The network connection is lost.

Banner Image

လီဗာပူးမှ ဒီယက်ဇ်ကိုမခေါ်ယူမီ အာဆင်နယ်ကြယ်ပွင့်ကို အရင်ချိတ်ဆက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးမှ လူးဝစ်ဒီယက်ဇ်ကို မခေါ်ယူမီမှာ အာဆင်နယ်တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီကို အရင်ဆုံး ချိတ်ဆက်ခဲ့တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ထုတ်ဖော်လာခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်ဟာ မာတင်နယ်လီကို ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဝန်းကျင်နဲ့ကမ်းလှမ်းခဲ့တာဖြစ်ပြီး အာဆင်နယ်ဘက်ကတော့ ဘရာဇီးသားဟာ နည်းပြမီခေးလ်အာတီတာရဲ့ ပရောဂျက်မှာ အုတ်မြစ်အနေနဲ့ပါဝင်နေတာကြောင့် ကမ်းလှမ်းမှု ကို လက်ခံမှာမဟုတ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။ 

ဒါ့အပြင် မာတင်နယ်လီအနေနဲ့လည်း အာဆင်နယ်မှထွက်ခွာခွင့်ရဖို့ တောင်းဆိုခဲ့ခြင်းမရှိတာကြောင့် အာတီတာအနေနဲ့ အခက်အခဲမကြုံရဘဲ ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဘရာဇီးသားဟာ အာဆင်နယ်သို့စတင်ရောက်ရှိလာပြီးကတည်းက အသင်းမှထွက်ခွာဖို့ တစ်ခါမှ တောင်းဆိုထားခြင်းမရှိဘူးလို့လည်းသိရပါတယ်။ အာဆင်နယ်အနေနဲ့ ယခုနွေရာသီအတွင်း အီဘရီချီအီဇီနဲ့ နိုနီမာဒူကီတို့လို တောင်ပံကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် မာတင်နယ်လီကတော့ အသင်းသစ်သို့ချိတ်ဆက်ဖို့ကြိုးစားခဲ့ခြင်းမရှိဘဲ သူ့ရဲ့ သစ္စာရှိမှုကို ပြသခဲ့ပါတယ်။

ရိုမာနိုက "နွေရာသီအတွင်း ဘိုင်ယန်မြူးနစ်ပစ်မှတ်ထားခဲ့တဲ့ တောင်ပံကစားသမားတွေထဲမှာ ဂါဘရီရယ်မာတင်နယ်လီကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဘိုင်ယန်ဟာ မာတင်နယ်လီရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အလားအလာရှိခဲ့ပေမယ့် မာတင်နယ်လီကတော့ အာဆင်နယ်မှာပဲ ဆက်နေချင်ခဲ့ပါတယ်။ ပြီးတော့ အာဆင်နယ်ဘက်ကလည်း ကစားသမားကိုပေါင်သန်း ၃၀ ဝန်းကျင်နဲ့တော့ ရောင်းချဖို့ စိတ်ကူးမရှိခဲ့ပါဘူး"

"အာဆင်နယ်အနေနဲ့ မာတင်နယ်လီက ပေါင်သန်း ၃၀ မကတန်တယ်လို့ ယုံကြည်ထားတာကြောင့်လည်း အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေရပ်တန့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကာလအစပိုင်းမှာ မာတင်နယ်လီက ဘိုင်ယန်မြူးနစ်ရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့တယ်ဆိုတာတော့ အမှန်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။

မာတင်နယ်လီဟာ အာဆင်နယ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး နောက်ထပ်အပို ၁ နှစ်ထပ်တိုးခွင့်လည်းရထားပါတယ်။ လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မာတင်နယ်လီတစ်ယောက် အာတီတာအတွက် ပွဲထွက်ပါဝင်ကစားသွားဖွယ်ရှိပါတယ်။