
ဂျက်ဆန်ကိုခေါ်ယူမယ့်အစီအစဉ်အား ဖျက်သိမ်းလိုက်တဲ့ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်ဟာ ချဲလ်ဆီးတိုက်စစ်မှူးနီကိုးလက်စ်ဂျက်ဆန်ကိုခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမယ့် ယခုအခါမှာတော့ အပြောင်းအရွှေ့ကိုဖျက်သိမ်းလိုက်ပြီး ကစားသမားကို လန်ဒန်သို့ပြန်လည်စေလွှတ်လိုက်ပြီလို့သိရပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဂျက်ဆန်ကိုအငှားနဲ့ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပြီး ယခုတစ်ပတ်အစောပိုင်းက ကစားသမားကို မြူးနစ်သို့ခေါ်ယူကာ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပါတယ်။သို့သော်လည်း ယခုအခါမှာတော့ တိုက်စစ်မှူး လီယမ်ဒီလပ် ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် ချဲလ်ဆီးအနေနဲ့ ဆီနီဂေါလက်ရွေးစင်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်လက်ထိန်းသိမ်းဖို့သာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဂျက်ဆန်အနေနဲ့ ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ပြီး ကစားသမားဘဝရှေ့ဆက်လိုနေပေမယ့် ချဲလ်ဆီးတိုက်စစ်မှူး ဒီလပ်ရဲ့ဒဏ်ရာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်လက်နေထိုင်သွားရတော့မှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ကနဦးက ဂျက်ဆန်ကို အပြီးဝယ်ယူခွင့်ပါ တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအတွက် ပေါင် ၆၉ သန်းအထိပေးချေသွားမယ်လို့ သဘောတူညီထားပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ အပြောင်းအရွှေ့ဟာ လုံးဝပျက်ပြယ်သွားပြီလို့ Sky Sports ကဖော်ပြလာခဲ့တာဖြစ်ပါတယ်။
ယခုနွေရာသီအတွင်း ချဲလ်ဆီးဟာ ဒီလပ်နဲ့ ဂျာအိုပက်ဒရိုတို့ကို အစ်ဆွစ်ချ်တောင်းနဲ့ ဘရိုက်တန်တို့မှခေါ်ယူပြီး တိုက်စစ်ပိုင်းကအင်အားဖြည့်တင်းထားတာကြောင့် ဂျက်ဆန်အနေနဲ့ နေရာရဖို့အတွက် အတော်လေးအခက်ကြုံခဲ့ရပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ဒီလပ်ရဲ့ဒဏ်ရာပြဿနာကြောင့် ဂျက်ဆန်အနေနဲ့ ချဲလ်ဆီးအတွက်ခြေစွမ်းပြဖို့ အခွင့်အရေးပြန်လည်ရရှိသွားမှာဖြစ်ပါတယ်။
နိုင်ငံတကာပွဲစဉ်တွေအပြီး စက်တင်ဘာလ ၁၃ ရက်နေ့မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။