The network connection is lost.

Banner Image

လူးဝစ်ဒီယက်ဇ်အပြောင်းအရွှေ့အတွက် လီဗာပူးနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းက လာမယ့် ၂၄ နာရီအတွင်း ဆေးစစ်မှုခံယူဖို့ အသင့်ပြင်ထားတဲ့ လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ လီဗာပူးအသင်းနဲ့အတူ ယူရို ၇၅ သန်း(ပေါင် ၆၅ ဒဿမ ၆ သန်း)တန် သဘောတူညီမှုကို ရယူနိုင်ခဲ့ပါတယ်။ ကိုလံဘီယာသားတောင်ပံကစားသမားက တိုကျိုမှာရောက်ရှိနေပြီဖြစ်တဲ့ ကြိုးကြာနီတွေရဲ့ ရာသီကြိုခရီးစဉ်မှထွက်ခွာခွင့် ရရှိထားပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဆုကာကွယ်နိုင်ရေးပြင်ဆင်နေတဲ့ ဟယ်ရီကိန်းရှိရာအသင်းဆီ ပူးပေါင်းသွားပါလိမ့်မယ်။

The Athletic ရဲ့အဆိုအရ ဘွန်ဒက်စ်လီဂါချန်ပီယံတွေရဲ့နွေရာသီအစောပိုင်းဈေးနိမ့်ကမ်းလှမ်းမှုကို ပယ်ချပြီးနောက် လီဗာပူးက ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ယူရို ၇၅ သန်းတန်ကမ်းလှမ်းမှုကို လက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးအသင်းနဲ့အတူ ရာသီကြိုခရီးစဉ်အဖြစ် တိုကျိုမှာရောက်ရှိနေတဲ့ ကိုလံဘီယာသားရဲ့ဆေးစစ်မှုသာ အောင်အောင်မြင်မြင်ပြီးဆုံးသွားရင် ကွန်ပနီလက်အောက် ဘိုင်ယန်မြူးနစ်အသင်းနောက်ဆုံးခေါ်ယူနိုင်တဲ့ထိပ်တန်းကစားသမား ဖြစ်လာပါလိမ့်မယ်။

အခုနွေရာသီ၊ အန်းစလော့လက်အောက် လီဗာပူးအသင်းရဲ့လှုပ်ခတ်မှုတွေမှာ ဒီယက်ဇ်ရဲ့ထွက်ခွာမှုလည်း တစိတ်တပိုင်းအားဖြင့် ပါဝင်လာပါလိမ့်မယ်။ မာဆေးဆိုဒ်ကလပ်က တိုက်စစ်ပိုင်းအတွက် အီကီတီကီကို ခေါ်ယူထားသလို အီဆက်ခ်ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါဝင်နူနက်ဇ်ထွက်ခွာဖွယ်ရှိမှုနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်နိုင်ရေးပြင်ဆင်နေတဲ့ လီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ မတူညီတဲ့အသွင်သဏ္ဍာန်တစ်ခုနဲ့ ထွက်ပေါ်လာနိုင်ပါတယ်။

၂၀၂၂ ခုနှစ်နွေရာသီကာလအတွင်း ပေါ်တိုမှရောက်ရှိလာပြီးနောက် ဒီယက်ဇ်က အဲ့ဒီဘောလုံးရာသီ၊ ပြည်တွင်းရှုံးထွက်ဖလားချန်ပီယံဆုနှစ်ခုရယူခဲ့တဲ့ လီဗာပူးအသင်းအတွက် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ သူက မာဆေးဆိုဒ်ကလပ်အသင်းအတွက် ၁၄၈ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၄၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

လာမယ့် ၄၈ နာရီအတွင်း အသက်-၂၈ နှစ်အရွယ်ကစားသမားက ဘိုင်ယန်မြူးနစ်နဲ့အတူ ဆေးစစ်မှုခံယူပြီး ကာလရှည်စာချုပ်တစ်ရပ်မှာ လက်မှတ်ရေးထိုးသွားဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အခုအချိန်မှာတော့ လီဗာပူးက တိုက်စစ်ပိုင်းပြန်လည်တည်ဆောက်မှုအဖြစ် အီဆက်ခ်အတွက် လှုပ်ရှားမှုတစ်ခုပြုလုပ်သွားဖို့ အာရုံစိုက်လာပါလိမ့်မယ်။ အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင်အထိ နောက်ထပ်အပြောင်းအလဲတွေလည်း ရှိလာနိုင်ပါသေးတယ်။