ပီအက်စ်ဂျီကြယ်ပွင့် ဇာဗီဆိုင်မွန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်ဟာ လက်ရှိယူရိုပြိုင်ပွဲမှာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပီအက်စ်ဂျီကြယ်ပွင့် ဇာဗီဆိုင်မွန်ကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိထားပြီးဖြစ်လို့ ယခုနွေရာသီမှာပဲ အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ သို့သော်လည်း နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ပြင်သစ်ချန်ပီယံတွေနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတာကြောင့် ဘိုင်ယန်မြူးနစ်အနေနဲ့ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားရဦးမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ဆိုင်မွန်ဟာ ပီအက်စ်ဂျီမှထွက်ခွာကာ ဂျာမန်ကလပ် လိုက်ပ်ဇစ်သို့အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ တိုက်စစ်ကစားသမားဟာ လိုက်ပ်ဇစ်အတွက် ၁၀ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကြောင့် ဥရောပကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ခြင်းကိုခံနေရသူဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အသက်-၂၁ နှစ်အရွယ်ကစားသမားဟာ ပဲရစ်သို့မပြန်ချင်ကြောင်း ပီအက်စ်ဂျီကိုအသိပေးထားတယ်လို့သိရပါတယ်။ တစ်ဖက်မှာလည်း လိုက်ပ်ဇစ်ဟာ ကစားသမားကို နောက်ထပ်တစ်ရာသီအငှားနဲ့ ဆက်လက်ခေါ်ယူလိုနေတာဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင်အသင်းနဲ့ အတူ ခြေစွမ်းပြကစားနေပြီး ယူရိုပြိုင်ပွဲကို အာရုံစိုက်နေတဲ့ ဆိုင်မွန်ဟာ အင်္ဂါနေ့မှာတော့ ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်း အဆင့်ပွဲစဉ်အဖြစ် ရိုမေးနီးယားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။