The network connection is lost.

Banner Image

ဖလော်ရီယန်ဝစ်ဇ်ရဲ့ ပေါင် ၁၁၆ သန်းတန်ပြောင်းရွှေ့ကြေးအတွက် ညည်းတွားလိုက်တဲ့ ဘိုင်ယန်အကြီးအကဲ

ဘိုင်ယန်မြူးနစ်အကြီးအကဲအူလီဟိုးနက်စ်က ဂျာမန်စတားဖလော်ရီယန်ဝစ်ဇ်ကိုခေါ်ယူဖို့ လီဗာပူးအသင်းသုံးစွဲသွားသော ငွေကြေးပမာဏဖြစ်တဲ့ ပေါင် ၁၁၆ သန်း(ဒေါ်လာ ၁၅၇ သန်း)ကို ပေးချေဖို့အတွက် အင်အားမရှိဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဟိုးနက်စ်က ကစားသမားတစ်ဦးအတွက် အခုလိုငွေကြေးပမာဏမျိုးကို ဘယ်တော့မှမသုံးစွဲဘူးလို့ အခိုင်အမာပြောဆိုလိုက်ကာ ကြိုးကြာနီတွေရဲ့ အခုနွေရာသီအသုံးစရိတ်က အပြောင်းအရွှေ့ဈေးကွက်တစ်ခုအပေါ် တစ်ဦးတည်းချုပ်ကိုင်လိုမှု(Monopoly)ကို ပြသနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

လေဗာကူဆင်မှာတောက်ပလာခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့ စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့အတူ လီဗာပူးဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ပေါင် ၁၁၆ သန်းဆိုတဲ့ငွေကြေးပမာဏတစ်ရပ်ကို ပေးချေဖို့ ငြင်းဆန်ကာ အခြားပစ်မှတ်တွေဆီ မြှားဦးလှည့်သွားခဲ့ပါတယ်။ အခုအချိန်မှာတော့ အူလီဟိုးနက်စ်က လီဗာပူးအပြင် ဝေါ်တာမိတ်အတွက် နယူကာဆယ်အသင်းသုံးစွဲသွားတဲ့ ငွေကြေးပမာဏကို ထောက်ပြကာ အပြောင်းအရွှေ့ဈေးကွက်အတွင်း ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ငွေကြေးသုံးစွဲမှုစွမ်းပကားကို ဝေဖန်ခဲ့ပါတယ်။

ဂျာမန်သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ဟိုးနက်စ်က “ လက်ရှိဘိုင်ယန်မြူးနစ်အသင်းအတွက် ကျွန်တော်တို့ အလွန်ကျေနပ်အားရမိပါတယ်။ ကျွန်တော်တို့ကသာ နွေရာသီဈေးကွက်ရဲ့အစစ်အမှန်အနိုင်ရရှိသူ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အင်အားတောင့်တင်းတဲ့အသင်းတစ်ခု ရှိနေပြီး ဒီထက်အများကြီးအားကောင်းနေဖို့လည်း မလိုအပ်တော့ပါဘူး။ မှန်ပါတယ်၊ ကျွန်တော်တို့လည်း ဖလော်ရီယန်ဝစ်ဇ်ကို လိုချင်ပေမယ့် သူ့အတွက် ယူရိုသန်း ၁၅၀ ဆိုတဲ့ငွေကြေးကိုတော့ ဘယ်တော့မှမသုံးစွဲပါဘူး။

အခြားကလပ်အသင်းတွေက ဈေးကွက်ကို Monopoly လုပ်သွားတာပါ။ ကျွန်တော်တို့စိတ်ဝင်စားခဲ့တဲ့ ဝေါ်တာမိတ်အတွက် နယူးကာဆယ်က ငွေလုံးငွေရင်းပမာဏကြီးကြီးမားမား ပေးသွားပါတယ်။ ဒါမျိုးတွေ ဘိုင်ယန်မြူးနစ် ဘယ်တော့မှမလုပ်ပါဘူး။ အဲ့ဒီလိုပြိုင်ပွဲမျိုးမှာလည်း ဘယ်တော့မှမပါဝင်ပါဘူး”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်က ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ဘဏ္ဍာရေးအင်အားနဲ့ မယှဉ်ပြိုင်နိုင်ဘဲ ဖလော်ရီယန်ဝစ်ဇ်၊ ဝေါ်တာမိတ်တို့ကို ဆုံးရှုံးခဲ့ပါတယ်။ ဒီလိုအချက်အလက်တွေရှိပေမယ့် ဘွန်ဒက်စ်လီဂါချန်ပီယံတွေက အဓိကကစားသမားရောင်းချမှုအပါအဝင် သူတို့ရဲ့အပြောင်းအရွှေ့အသုံးစရိတ်ကို ပေါင် ၇၅ သန်းအထိ မြှင့်တင်ခဲ့ပါတယ်။ ဟိုးနက်စ်ကိုယ်တိုင်လည်း ဘိုင်ယန်မြူးနစ်အသင်းကစားသမားအင်အားကို ပြိုင်ပွဲစုံမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် လုံလောက်နေပြီလို့ ယုံကြည်နေပါတယ်။

လီဗာပူးအသင်းက အန်းစလော့လက်အောက် အစနှေးပေမယ့် အလားအလာရှိတဲ့ပုံစံကောင်းတွေ ပြသထားနိုင်တဲ့ ဖလော်ရီယန်ဝစ်ဇ်အတွက် ပြောင်းရွှေ့ကြေးပမာဏနဲ့ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုး ပြန်ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။ အလားတူ ဘိုင်ယန်မြူးနစ်ကလည်း ဆုဖလားအောင်မြင်မှုတွေ အရယူနိုင်ဖို့ ကွန်ပနီရဲ့ဦးဆောင်မှုစွမ်းအားနဲ့ အသင်းလူစာရင်းပိုင်းသဟဇာတဖြစ်မှုကို စောင့်ကြည့်သွားပါလိမ့်မယ်။ အခုလိုမတူညီတဲ့နည်းဗျူဟာပိုင်းတွေက အပြောင်းအရွှေ့ဈေးကွက်အတွင်း ဂျာမန်တွေနဲ့ အင်္ဂလိပ်တွေအကြား ဘယ်လောက်အထိကွာဟသွားပြီလဲဆိုတာ မီးမောင်းထိုးပြသနေပါတယ်။