
စိတ်လှုပ်ရှားစရာကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်သွားမယ်လို့ဆိုလာတဲ့ လာပေါ်တာအခိုင်အမာပြော
ဗုဒ္ဓဟူးနေ့က အက်စ်ပန်ညိုဂိုးသမား ဂျိုအန်ဂါဆီယာကိုခေါ်ယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာက အသင်းဟာ စိတ်လှုပ်ရှားစရာကစားသမားသစ်ခေါ်ယူမှုတွေ ထပ်မံပြုလုပ်သွားဦးမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာလည်း ဘာစီလိုနာအားကစားဒါရိုက်တာဒီကိုက အသင်းရဲ့တောင်ပံကိုအင်အားဖြည့်တင်းနိုင်ဖို့ ပြင်ဆင်နေကြောင်းပြောကြားခဲ့ပြီး သတင်းတွေအရ နီကိုဝီလီယမ်စ်၊ လူးဝစ်ဒီယက်ဇ်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အိုင်ဗန်ပါရီဆစ်တို့ကိုပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ မကြာသေးမီသတင်းတွေအရတော့ လက်ရှိဘာစီလိုနာရဲ့ ထိပ်တန်းဦးစားပေးပစ်မှတ်မှာ ဘီလ်ဘာအိုကြယ်ပွင့် ဝီလီယမ်စ်ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ကစားသမားရဲ့အေးဂျင့်နဲ့ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။
လာပေါ်တာက "ကျွန်တော်တို့အခု ကစားသမားတစ်ဦးခေါ်ယူပြီးပါပြီ။နောက်ထပ်စိတ်လှုပ်ရှားစရာ ကစားသမားသစ်ခေါ်ယူမှုတွေလည်း ထပ်မံပြုလုပ်သွားဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဝီလီယမ်စ်ကိုခေါ်ယူဖို့ ချိန်နေခဲ့တာဖြစ်ပြီး သဘောတူညီမှုမရခဲ့တာကြောင့် ယခုအခါမှာ နောက်ထပ်တစ်ကြိမ်ထပ်ကြိုးစားနေတာဖြစ်ပါတယ်။
ဘာစီလိုနာအနေနဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ ဝန်းကျင်သာကုန်ကျနိုင်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဘာစီလိုနာဟာ ဒီယက်ဇ်နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့သလို၊ ဒီကိုကလည်း ရက်ရှ်ဖို့ဒ်ရဲ့အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
ဘာစီလိုနာအနေနဲ့ လာလီဂါရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကိုလိုက်နာဖို့အတွက် အဆိုပါကစားသမားတွေအားလုံးကိုတော့ ခေါ်ယူသွားနိုင်မှာတော့မဟုတ်ပါဘူး။ဆက်လက်ပြီး လာပေါ်တာက "ကျွန်တော်တို့လမ်းကြောင်းမှာ အနှောင့်အယှက်တွေအများကြီးရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကျော်ဖြတ်နိုင်ဖို့ စီစဉ်သွားပါမယ်။ လာလီဂါက ကြားဝင်ခံမနေဘူးဆိုရင် ကျွန်တော်တို့ ကစားသမားတွေခေါ်ယူဖို့ ပိုလွယ်ပါတယ်။ ဒါပေမယ့် ကလပ်ရဲ့စီးပွားရေးအခြေအနေအရ ကစားသမားတွေအများကြီးခေါ်ယူဖို့တော့ မလွယ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာတော့ ဘာစီလိုနာဟာ ယခုနွေရာသီရဲ့ ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်တဲ့ ဂါဆီယာကို ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီဖြစ်ပါတယ်။ အသက်-၂၄ နှစ်အရွယ်ဂိုးသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရို ၂၅ သန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။