
အောက်တိုဘာလမကုန်ခင်မှာပဲ ယူနိုက်တက်အတွက်ပြန်ကစားပေးနိုင်မယ့် မာတီနက်ဇ်
ယခုနှစ်အစဖေဖော်ဝါရီလကတည်းက ဒဏ်ရာပြဿနာကြောင့် အနားယူနေခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ယခုအခါမှာတော့ ဒဏ်ရာပြန်လည်သက်သာနေပြီဖြစ်လို့ အောက်တိုဘာလမကုန်ခင်မှာပဲ အသင်းအတွက်ပြန်လည်ကစားပေးနိုင်တော့မယ်လို့သိရပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဟာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ၈ လလောက်အထိအနားယူခဲ့ရကာ နိုင်ငံ့လက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေကိုလည်း လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ နည်းပြ ရူဘင်အာမိုရင်ရဲ့စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ပြီး ဒဏ်ရာမရခင်က ပေါ်တူဂီသားရဲ့လက်အောက်မှာ စုစုပေါင်း ၁၆ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
ယခုအောက်တိုဘာလအတွင်း ယူနိုက်တက်ဟာ လီဗာပူး၊ ဘရိုက်တန်တို့နဲ့ကစားသွားရဖို့ရှိနေပြီး မာတီနက်ဇ်အနေနဲ့ ဘယ်ပွဲမှာစတင်ပါဝင်ကစားဖို့အဆင်သင့်ဖြစ်မလဲ အကဲဖြတ်သွားရဦးမှာဖြစ်ပါတယ်။ ဒဏ်ရာကိုခွဲစိတ်ကုသမှုခံယူပြီးနောက်မှာလည်း မာတီနက်ဇ်က "ခက်ခဲတဲ့နေ့ရက်တွေနဲ့ ကြမ်းတမ်းတဲ့အချိန်တွေကိုဖြတ်ကျော်ခဲ့ပြီးနောက်မှာ ဝမ်းနည်းမှု၊ ဝမ်းသာမှု၊ အကြောက်တရားနဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအားလုံးကို လက်ခံနိုင်ခဲ့ပါပြီ။ ယူနိုက်တက်ရဲ့အားပေးမှုတွေကို အပြည့်အဝရရှိခဲ့ပြီး အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်း ကျွန်တော်တို့ကို ပံ့ပိုးပေးနေခဲ့ပါတယ်။ ခွဲစိတ်ကုသမှုက အောင်အောင်မြင်မြင်ပဲပြီးဆုံးသွားခဲ့ပြီး အခုချိန်ကတော့ ကျွန်တော့်ရဲ့စိတ်နှလုံးဝိညာဉ်နဲ့ အသင်းအတွက်ပြန်လည်ပေးဆပ်ဖို့အဆင်သင့်ပြင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုရာသီမှာယူနိုက်တက်ဟာ ပုံစံကောင်းရဖို့ရုန်းကန်နေရဆဲဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာရပ်တည်ကာ ၃ ပွဲနိုင်၊ ၃ ပွဲရှုံး၊ ၁ ပွဲသရေမှတ်တမ်းကိုရရှိထားပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့နောက်တန်းပိုင်းကလည်း ပွဲစဉ်တိုင်းလိုလိုဂိုးပေးနေရပြီး တစ်ပွဲသာ ဂိုးမပေးထားရတာကြောင့် မာတီနက်ဇ်ရဲ့ပြန်လာနိုင်မှုက နောက်တန်းပိုင်းအတွက်အတော်လေး အားတက်စရာဖြစ်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ လာမယ့် ၂၀၂၆ ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမယ့်အာဂျင်တီးနားအတွက် မာတီနက်ဇ်ရဲ့ အပြုသဘောဆောင်တဲ့အသင်းဟာ အားတက်စရာဖြစ်လာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလမှာ မာတီနက်ဇ်ပြန်လာ်နိုင်ချေနဲ့ပတ်သက်ပြီး အာမိုရင်က "မာတီနက်ဇ်က အသင်းအတွက်အရမ်းအရေးကြီးပါတယ်။ ဒီလိုဒဏ်ရာမျိုးရတာက တကယ်ကိုခက်ခဲပါတယ်။ ကျွန်တော်တို့သူ့ကိုအရမ်းသတိရပါတယ်။ အထူးသဖြင့် အခုလိုခက်ခဲနေတဲ့အချိန်မျိုးမှာပေါ့။ သူက အသင်းရဲ့လေ့ကျင့်ရေးအစီအဉ်တွေကို အမြဲထိုင်ကြည့်နေခဲ့သူဖြစ်ပြီး မကြာခင်မှာပဲ ပြန်ကစားနိုင်ဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပြိုင်ဘက် လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာတော့ မာတီနက်ဇ်တစ်ယောက် ပါဝင်ကစားနိုင်ဖွယ်မရှိပါဘူး။