
ရက်ရှ်ဖို့ဒ်ကိုအငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ အက်စတွန်ဗီလာ
ဆောင်းရာသီဈေးကွက်ပိတ်သိမ်းဖို့နီးကပ်လာတာနဲ့အမျှ အက်စတွန်ဗီလာအနေနဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ပြင်းပြင်းထန်ထန်ကြိုးစားလာခဲ့ပြီး ယခုအခါမှာတော့ အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့ပြီလို့သိရပါတယ်။
အခုချိန်အထိတော့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေဆဲဖြစ်ပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ နီးစပ်လာပြီလို့ BBC Sport ကထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီနဲ့လက်တွဲလိုနေတာဖြစ်ပြီး ကစားသမားဘဝ စိန်ခေါ်မှုအသစ်တွေနဲ့လည်း ရင်ဆိုင်လိုနေတာဖြစ်ပါတယ်။
အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၂ ရက်နေ့ကတည်းက အခုချိန်အထိ ယူနိုက်တက်အတွက် အရန်ကစားသမားအဖြစ်နဲ့ပင် ကစားခွင့်မရခဲ့ဘဲ လူစာရင်းကနေ ကာလရှည်ထုတ်ပယ်ခံထားခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့အနေနဲ့ အသင်းအတွက်ပေးဆပ်လိုစိတ်မရှိတဲ့ရက်ရှ်ဖို့ဒ်ကို ပွဲထုတ်မယ့်အစား အသက်-၆၃ နှစ်အရွယ် ကလပ်ရဲ့ဂိုးနည်းပြကိုသာ ပွဲထုတ်သွားမယ်လို့ ရက်ရက်စက်စက်ပြောထားခဲ့ဖူးပါတယ်။
အိုးလ်ထရက်ဖို့ဒ်သို့ အသက်-၇ နှစ်အရွယ်ကတည်းကရောက်ရှိလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့အတူ ပွဲပေါင်း ၄၀၀ ကျော်ကစားခဲ့ပြီး ယူရိုပါလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့၊ ကာရာဘောင်ဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ အသင်းအတွက်ပြိုင်ပွဲစုံ ၁၃၈ ဂိုးအထိသွင်းယူပြီး ကလပ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း ပါဝင်နေတာဖြစ်ပါတယ်။
ယခုဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း ဗီလာဟာ လီဗန်တေးနောက်ခံလူ အန်းဒရက်စ်ဂါစီယာနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဒွန်ယဲလ်မာလန်တို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း အသင်းရဲ့တိုက်စစ်မှူး ဂျွန်ဒူရန်ကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာသို့ ပေါင် ၇၁ သန်းနဲ့ရောင်းချပြီးနောက်မှာ ဗီလာအနေနဲ့ တိုက်စစ်ပိုင်းကို ပြန်လည်အင်အားဖြည့်တင်းဖို့ အာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဗီလာဟာ အသင်းရဲ့တိုက်စစ်မှူး အိုလီဝက်ကင်းစ်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ရည်ရွယ်ထားတာကြောင့် အာဆင်နယ်ရဲ့ကမ်လှမ်းမှုတွေကို ငြင်းပယ်ထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာမှာသာရပ်တည်ထားနိုင်တဲ့ ဗီလာဟာ ချန်ပီယံလိဂ်မှာတော့ အုပ်စုအတွင်း ထိပ်ဆုံး ၈ သင်းမှာပါဝင်ခဲ့ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိထားပါတယ်။