The network connection is lost.

Banner Image

နည်းပြဘ၀ ပွဲ၃၀၀ပြည့်ပွဲမတိုင်ခင် ဝက်စ်ဟမ်းအပေါ် သတိထားယှဉ်ပြိုင်မယ့် အာတီတာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဝက်စ်ဟမ်းအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ နည်းပြဘဝ ပွဲ ၃၀၀ မြောက်ပွဲစဉ်ကို ကိုင်တွယ်တော့မှာဖြစ်ပေမဲ့ ပြိုင်ဘက်ကို အလေးထားပြီး သတိထားနေပါတယ်။ ပွဲ ၅၀ ကျော်ကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်နည်းပြတွေထဲမှာ အနိုင်ရနှုန်းအမြင့်ဆုံးကို ပိုင်ဆိုင်ထားပေမဲ့ အာတီတာကတော့ သတိထားနေဆဲပါပဲ။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း ၄၂ ပွဲမှာ ၄ ပွဲသာရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲဒီအရှုံးတွေရဲ့ ထက်ဝက်က ဝက်စ်ဟမ်းလက်ထဲမှာဖြစ်ခဲ့တာကြောင့်ပါ။ ဝက်စ်ဟမ်းကလည်း အမ်းမရိတ်မှာ ၃ ပွဲဆက်တအနိုင်ရဖို့ ရည်မှန်းထားပါတယ်။

အာတီတာက "ပြီးခဲ့တဲ့ ၂ ရာသီက ဒီမှာသူတို့နဲ့ကစားတဲ့ပွဲမှာ ၂ ပွဲရှုံးခဲ့တာကို ကျွန်တော်တို့ သင်ခန်းစာရခဲ့ပါတယ်။ ဒီအရာကို ကျွန်တော်တို့ ပြင်ဆင်ဖို့လိုအပ်ပါတယ်၊ မနက်ဖြန်က အဲဒါကိုလုပ်ဖို့ နောက်ထပ်အခွင့်အရေးတစ်ခုပါပဲ။ နည်းပြအသစ်ဖြစ်တဲ့ နူနိုကိုလည်း ကျွန်တော်တို့သိပါတယ်၊ ဒါကြောင့် အရမ်းကိုခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကိုအနိုင်ရခဲ့တာနဲ့ ချန်ပီယံလိဂ်မှာ အိုလံပီယာကော့စ်ကိုအနိုင်ရခဲ့တဲ့ ရလဒ်တွေပေါ်အခြေခံပြီး ရှေ့ဆက်တက်လှမ်းဖို့ကြိုးစားနေပါတယ်။ 

ဝက်စ်ဟမ်းကိုအနိုင်ရရှိခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းဟာ လီဗာပူးအသင်းကိုကျော်ပြီး အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ယာယီရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အာတီတာက သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာမှတ်တိုင်ကို အလေးအနက်မထားဘဲ ပွဲအပေါ်သာ အာရုံစိုက်ခဲ့ပါတယ်။  အာတီတာက"အနိုင်ရနှုန်းက အမြင့်ဆုံးလား? ဒီလိုအနိုင်ရနှုန်းနဲ့တောင် အဓိကဖလားတွေမရသေးပါဘူးကျွန်တော်တို့ရရှိခဲ့တဲ့အမှတ်တွေပမာဏနဲ့ဆိုရင် တခြားနည်းပြတွေက ဖလားတွေရရှိခဲ့ကြပြီ။ တခါတရံမှာ ကိုယ်ထက်သာတဲ့သူတွေကို ဂုဏ်ပြုဖို့လိုအပ်ပါတယ်"လို့ ဆိုပါတယ်။ အိုလံပီယာကော့စ်နဲ့ပွဲစဉ်မှာ ထိခိုက်ခဲ့တဲ့ နောက်ခံလူ ဂါဘရီယယ်လ်က ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပါဝင်ဖို့မသေချာသေးပေမဲ့ အာတီတာကတော့ ပါဝင်နိုင်ဖို့မျှော်လင့်နေပါတယ်။