The network connection is lost.

Banner Image

ဒီကလန်ရိုက်စ်ရဲ့ဖရီးကစ်သွင်းဂိုးတွေကို ချီးကျူးလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ရီးရဲလ်အသင်းနဲ့ချန်ပီယံလိဂ်ပွဲမှာ ဖရီးကစ်ကနေ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒီကလန်ရိုက်စ်ကို ချီးကျူးလိုက်ပါတယ်။ အာဆင်နယ်ဟာ အင်္ဂါညတုန်းက လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကို ဒီကလန်ရိုက်စ်က ဖရီးကစ်ကနေ လှလှပပသွင်းဂိုးပေးနိုင်ခဲ့ပြီး တတိယမြောက်ဂိုးကို မာရီနိုက သွင်းယူပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ တည်ကန်ဘောတွေကနေ ဂိုးသွင်းနိုင်တဲ့အသင်းအဖြစ် လူသိများနေတာဖြစ်ပြီး ရိုက်စ်မတိုင်ခင် တိုက်ရိုက်ဖရီးကစ်ကနေ ဂိုးမသွင်းနိုင်သေးတာဖြစ်ပါတယ်။ အာတီတာက ပွဲအပြီးသတင်းစာရှင်းပွဲမှာ ရိုက်စ်ကို ဦးစားပေးဖရီးကစ်ကန်မယ့်သူအဖြစ် ထားရှိမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“သူက တကယ့်ကိုဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့လအနည်းငယ်တုန်းက စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ၂၀၂၁ စက်တင်ဘာနောက်ပိုင်း ဘန်လေနဲ့ပွဲမှာ အိုဒီဂတ်ဂိုးသွင်းပြီးကတည်းက တိုက်ရိုက်ဖရီးကစ်ကနေ ဂိုးမသွင်းနိုင်သေးပါဘူး။ အဲ့တာ အချိန်အတော်ကြာပါပြီ။၁၂ မိနစ်အတွင်းမှာ တူညီတဲ့ကစားသမား ၊ တူညီတဲ့အရည်အချင်း နဲ့ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူ့ကစားသမားဘ၀ ဖရီးကစ်ကနေ အခုလိုမျိုးဂိုးမသွင်းနိုင်သေးပါဘူး။ ဒါပေမယ့် ဒီနေ့ညမှာ သူအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ လာမယ့်ဒုတိယအကျော့ပွဲအတွက် အာရုံစိုက်နေပြီး အဲ့ပွဲမတိုင်ခင် လာမယ့်စနေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ်ကတော့ အာဆင်နယ်ရဲ့ကစားကွက်ကိုသိရဖို့ ရီးရဲလ်နဲ့ပွဲမှာ လာရောက်ကြည့်ရှုခဲ့သေးတာဖြစ်ပါတယ်။