
The network connection is lost.

ဘရန့်ဖို့ဒ်အသင်းကို ကာရာဘောင်ဖလားပွဲမှာ ၁-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက ဂိုးသမား အာရွန်ရမ်စ်ဒေးလ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ အဝေးကွင်းမှာ ဘရန့်ဖို့ဒ်အသင်းကို နယ်လ်ဆင်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုနိုင်ပွဲရခဲ့တာက ဒုတိယပိုင်းမှာ ရမ်စ်ဒေးလ်ရဲ့ အပိုင်အခွင့်အရေး ၂ ကြိမ် ကာကွယ်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ရမ်စ်ဒေးလ်ဟာ ပြီးခဲ့တဲ့နောက်ဆုံး ၃ ပွဲကို အရန်ခုံမှာပဲထိုင်ခဲ့ရပြီး ရာယာက ပွဲထွက်ခွင့်ရရှိနေတာဖြစ်ပါတယ်။ အာဆင်နယ် ပရိသတ်တွေကတော့ ပွဲမတိုင်ခင် သူ့နာမည်ကိုသီချင်းလုပ်သီဆိုခဲ့ကြပါတယ်။
“ကျွန်တော်တို့ သူ့ကိုချစ်ပါတယ်။ သူ့စရိုက်လက္ခဏာကို ကျွန်တော်တို့သိပါတယ်။ အသင်းဆီကို ဘာယူဆောင်လာနိုင်လဲဆိုတာကိုလည်း သိပါတယ်။ သူဒီမှာရှိနေလို့ ကျွန်တော်တို့ပျော်ပါတယ်။ ကစားသမားတစ်ဦးချင်းစီက အရမ်းအရေးကြီးပါတယ်။ ဒီနေ့မှာ သူကစားခွင့်ရခဲ့သလို လက်စွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်အရမ်းပျော်ပါတယ်။ အသင်းမှာ မတူညီတဲ့ဂိုးသမား ၂ ဦးရှိနေတာကြောင့်ပါ။ ဒုတိယပိုင်းမှာ သူတို့က ပိုဆာလောင်မှုနဲ့ပွဲကို ချဉ်းကပ်ခဲ့ပြီး တိုက်ရိုက်ဘောနဲ့ ကစားခဲ့ပါတယ်။ အဲ့တာကြောင့် ပွဲကခက်ခဲခဲ့ပါတယ်။
ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ချိန်မှာ ဂိုးဧရိယာထဲမှာ တားဆီးနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့တာကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အတွက် အနိုင်ဂိုးကို ဘရန့်ဖို့ဒ် နောက်တန်းအမှားကနေ အန်ကီတီယာချပေးတာကို နယ်လ်ဆင်က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဘရန့်ဖို့ဒ်ဘက်က ဖိအားပေးကစားခဲ့ပေမယ့် ရမ်စ်ဒေးလ်ရဲ့လက်စွမ်းပြမှုတွေကြောင့် အာဆင်နယ်ကပဲ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
“ကျွန်တော် အရေးနိမ့်ရတာကို မုန်းပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့သလို အဲ့တာက ကျွန်တော်တို့ တည်ဆောက်နေတဲ့အရာပါ။ ပထမပိုင်းကထက် ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပြီး အာဆင်နယ်က ကံကောင်းခဲ့တယ်လို့ ထင်ပါတယ်”လို့ သောမက်စ်ဖရန့်က ပြောကြားခဲ့ပါတယ်။