
ပါတေးနဲ့ပတ်သက်ပြီး အာဆင်နယ်ဟာ မှန်ကန်တဲ့လုပ်ထုံလုပ်နည်းအတိုင်းဆောင်ရွက်ခဲ့တယ်လို့ အာတီတာအခိုင်အမာပြော
အာဆင်နယ်နည်းပြမီခေးလ်အာတီတာက လိင်အကြမ်းဖက်မှုနဲ့စွပ်စွဲခံနေရတဲ့ အသင်းရဲ့ကစားသမားဟောင်း သောမတ်စ်ပါတေးနဲ့ပတ်သက်ပြီး အသင်းဟာ မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ပါတေးဟာ ယခုလအစောပိုင်းကမှ အာဆင်နယ်နဲ့လမ်းခွဲခဲ့တာဖြစ်ပြီး ကစားသမားဟာ ၄ ရက်အကြာမှာပဲ လိင်အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ ပါတေးအနေနဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း အမျိုးသမီး ၃ ဦးအထိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ပါတေးဟာ အဆိုပါစွပ်စွဲချက်တွေအားလုံးငြင်းဆန်ထားပါတယ်။ ပါတေးဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကတည်းက စုံစမ်းစစ်ဆေးမှုတွေနဲ့ ကြုံတွေ့နေခဲ့ရတာဖြစ်ပြီး အာဆင်နယ်ကတော့ ကစားသမားကို အသင်းမှာ ဆက်လက်ကစားခွင့်ပေးထားခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ မှာတော့ အာဆင်နယ်ဟာ လိင်အကြမ်းဖက်မှုနဲ့တရားစွဲခံထားရတဲ့ ပါတေးကို အသင်းမှာဆက်လက်ထားရှိဖို့ စာချုပ်သစ်ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့သော်လည်း စာချုပ်သက်တမ်းမတိုးဖြစ်ခဲ့တာကြောင့် ကစားသမားဟာ ယခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး အာဆင်နယ်နဲ့လမ်းခွဲခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ပါတေးရဲ့တရားစွဲဆိုခံရမှုတွေနဲ့ပတ်သက်တဲ့ ဥပဒေရေးရာကိစ္စတွေမှာတော့ အသင်းနဲ့သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ယခုအခါမှာလည်း အာတီတာက "ပါတေးနဲ့ပတ်သက်ပြီး အသင်းဘက်က ရှင်းပါတယ်။ ဥပဒေရေးရာကိစ္စတွေက ရှုပ်ထွေးတာကြောင့် ကျွန်တော့်အနေနဲ့ ဒီအပေါ်မှာတော့ ဘာမှတ်ချက်မှမပေးချင်ပါဘူး။ အသင်းက မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့တယ်ဆိုတာတော့ ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။