
ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မတိုင်ခင် ဒဏ်ရာပြဿနာထိုးနှက်ချက်အချို့နဲ့ ရင်ဆိုင်လာရတဲ့ အာဆင်နယ်
ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် သောမတ်စ်ပါတေး၊ ဂျော်ဂျင်ဟိုတို့နဲ့ သက်ဆိုင်တဲ့ စိုးရိမ်စရာဒဏ်ရာသတင်းစကားတွေကို မီခေးလ်အာတီတာက ထုတ်ဖော်လာပါတယ်။ ဘရန့်ဖို့ဒ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကွင်းလယ်ကစားသမားနှစ်ဦးလုံး ထိခိုက်နာကျင်ခဲ့ကြပါတယ်။
ဒီဖြစ်ရပ်တွေက ဥရောပအဆင့် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပေါ်ပေါက်လာတာပါ။ ဂန်းနားတွေက ဘာနေဗျူးမှာ စပိန်ချန်ပီယံတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့ရလဒ်ပိုင်းအရ သုံးဂိုးပြတ်အသာစီးရရှိနေမှုကို ထိန်းသိမ်းကာ ဆီမီးဖိုင်နယ်တက်ရောက်ဖို့ ကြိုးပမ်းသွားရပါမယ်။ အစောပိုင်းမှာလည်း အာတီတာက စပိန်မြေပွဲစဉ်အတွက် ညာနောက်ခံလူဘန်ဝှိုက်မှာ ဒဏ်ရာပြဿနာသံသယတစ်ခု ရှိနေတယ်လို့ အတည်ပြုပေးခဲ့ပြီး အခုတော့ ပါတေးနဲ့ ဂျော်ဂျင်ဟိုတို့လည်း အလားတူအခြေအနေမျိုးနဲ့ရင်ဆိုင်နေရတယ်လို့ ပြောလာပါတယ်။
အမ်းမရိတ်စ်ကွင်းမှာ ဘရန့်ဖို့ဒ်နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီး အာတီတာက “ ပါတေးရဲ့ပြဿနာက သူ့ကို ထုတ်ပယ်ဖို့ လိုအပ်ခဲ့တဲ့အထိ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မမျှော်လင့်ထားခဲ့ပါဘူး။ ပြီးတော့ ဂျော်ဂျင်ဟိုရဲ့ပြဿနာကလည်း အခုလောက်အထိဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူးဆိုတာ သေချာပါတယ်။ ကျွန်တော်တို့တွေ ကွင်းထဲမှာ လက်ကျန်ကစားသမား ၁၀ ဦးတည်းနဲ့ ကစားခဲ့ရပါတယ်။ ပါတေးတစ်ခုခုခံစားနေရတာပါ။ ကျွန်တော်တို့လည်း ဘယ်လိုစွန့်စားမျိုးကိုမှ မလုပ်ချင်ကြပါဘူး”လို့ ပြောပါတယ်။
ပါတေးရဲ့ဒဏ်ရာအခြေအနေအကြောင်း အတိအကျပြောပေးဖို့ တောင်းဆိုလာချိန်မှာတော့ အာတီတာက “တစုံတခုပေါ့။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်အတွက် သူ ကြံ့ခိုင်မှုပြည့်ဝနေမလားဆိုတာ ကျွန်တော်တို့လည်း မသိရသေးပါဘူး။ အသင်းဆေးအဖွဲ့နဲ့ အခုအချိန်အထိ ကျွန်တော် စကားမပြောရသေးပါဘူး။ အခုတော့ သူတို့တွေ ပါတေးကို စစ်ဆေးကြည့်နေပြီး ဘယ်လိုအခြေအနေရှိမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ဆိုပါတယ်။
ဂျော်ဂျင်ဟိုရဲ့နံရိုးမှာ ဒဏ်ရာရရှိနေခဲ့သလားဆိုတဲ့ မေးခွန်းကို အာတီတာက “ အဲ့ဒီပုံစံမျိုးပါပဲ။ ကျွန်တော်လည်း အတိအကျမသိရသေးပါဘူး။ ဒါပေမယ့် အသက်ရှုတဲ့ပုံစံမှာ ပြဿနာရှိနေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က သူ ဆက်မကစားနိုင်တော့ဘူးလို့ ပြောခဲ့တာပါ”လို့ တုံ့ပြန်ဖြေကြားပါတယ်။ ဘီဘီစီနဲ့တွေ့ဆုံခန်းမှာလည်း ဂျော်ဂျင်ဟိုရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ အာတီတာက “ ဂျော်ဂျင်ဟိုက နံရိုးတစ်နေရာမှာ တစ်ခုခုဖြစ်နေပြီး အသက်ရှုဖို့ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။ သူ့ရဲ့ပုံစံက သာမန်လိုမျိုးပဲဆိုတော့ ဒါက အတော်လေးထူးဆန်းလွန်းပါတယ်။ အခြေအနေက ထူးခြားလွန်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောပါတယ်။
အလားတူ ဘန်ဝှိုက်ရဲ့အခြေအနေနဲ့ပတ်သက်လို့ သံသယနဲ့စောင့်ကြည့်နေဆဲပဲလို့ အာတီတာက ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း နောက်တစ်ကြိမ်ထပ်မံအတည်ပြုပေးခဲ့ပါတယ်။ စပိန်သားနည်းပြက “ နောက်တစ်ကြိမ်ထပ်ပြောပေးပါမယ်။ဗုဒ္ဓဟူးနေ့ပွဲစဉ်အတွက် သူအဆင်သင့်ဖြစ်နေမလား ကျွန်တော်တို့ မသိသေးပါဘူး။ ပွဲနေ့လူစာရင်းနဲ့ ပွဲထွက်လူစာရင်းပိုင်းမှာ ပါဝင်နိုင်မယ့် အခြေအနေမျိုးတွေ သူ့မှာ မရှိသေးပါဘူး။ ရက်အနည်းငယ်လောက်တော့ အချိန်ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့်သွားရပါလိမ့်မယ်” လို့ ဆိုပါတယ်။