The network connection is lost.

Banner Image

ဆာကာနဲ့ စတာလင်တို့ ဒဏ်ရာပြဿနာကိုယ်စီ ကြုံတွေ့ထားရကြောင်း အသိပေးလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက အသင်းရဲ့ အဓိကတောင်ပံကစားသမား ဘူကာယိုဆာကာဟာ ဒဏ်ရာပြဿနာကြောင့် ရက်သတ္တပတ်အချို့ အနားယူသွားဖို့လိုအပ်နေသလို နောက်ထပ်တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ရာဟင်မ်စတာလင်ကလည်း ဒဏ်ရာပြဿနာကြုံတွေ့ထားကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ 

ဆာကာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် ပွဲကစားချိန် ၂၄ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ကစားသမားဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့တယ်လို့သိရပြီး အဆိုပါဒဏ်ရာပြဿနာဟာ အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးအထိသွင်းယူထားနိုင်တဲ့အပြင် ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန် အာဆင်နယ်မှာ ဆာကာထက် ဂိုးပိုသွင်းထားနိုင်တဲ့ကစားသမားဟာ ကိုင်ဟားဗက်ဇ်တစ်ယောက်ပဲရှိနေတာဖြစ်ပါတယ်။ 

ဆာကာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အာတီတာက “သူ့ရဲ့ဒဏ်ရာက ပြင်းထန်ပါတယ်။ သူက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ကစားသမားပါ။ ပြီးတော့ အသင်းအတွက် အကျိုးသက်ရောက်မှုလည်းကြီးမားပါတယ်။ သူ မရှိတာကြောင့် အသင်းအနေနဲ့ ကြီးမားတဲ့စိန်ခေါ်မှုနဲ့ကြုံတွေ့သွားရတော့မှာပါ။ ရက်သတ္တပတ်အချို့အနားယူသွားရမယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆာကာအပြင် ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးမှ ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား စတာလင်ကလည်း လက်ရှိအချိန်မှာ အာဆင်နယ်အတွက် ၁၁ ပွဲသာပါဝင်ကစားခွင့်ရထားပေမယ့် ဒဏ်ရာကြောင့် အနားယူဖို့လိုအပ်နေတယ်လို့ အာတီတာက ဆိုပါတယ်။ စပိန်သားက “စတာလင်ကလည်း ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူသွားရပါမယ်။ မနက်ဖြန်မှာ သူ့ကို နောက်ထပ်တစ်ကြိမ်အကဲဖြတ်သွားမှာပါ။ သူ့ရဲ့ဒဏ်ရာက ဒူးမှာပါ။ နောက်ထပ် ၂၄ နာရီစောင့်ဆိုင်းသွားဖို့လိုနေပြီး ကံမကောင်းစွာပဲ အနားယူဖို့လိုအပ်နေတာကတော့ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်ဆွစ်ချ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာတီတာအနေနဲ့ အသင်းရဲ့လူစာရင်းကို ဘယ်လိုဘယ်ပုံ စီမံလာဦးမလဲစောင့်ကြည့်သွားရပါမယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက တစ်ပွဲလျော့လီဗာပူးနဲ့ ရမှတ် ၆ မှတ်အထိကွာဟနေပါတယ်။