
ကစားသမားဘဝ အောင်မြင်မှုရဲ့ အဓိက အရေးပါသူအဖြစ် ဘရမ်ဒန်ရော်ဂျာကို ရွေးချယ်လိုက်တဲ့ ဆွာရက်ဇ်
ဥရုဂွေး ဘောလုံးကြယ်ပွင့် လူးဝစ်ဟဆွာရက်ဇ်က နည်းပြ ဘရမ်ဒန်ရော်ဂျာဟာ ကစားသမားဘဝကို ပြောင်းလဲပေးခဲ့တဲ့ အရေးပါတဲ့သူတစ်ယောက်ပါ လို့ ချီးကျူးလိုက်ပါတယ်။ ဘာစီလိုနာအတွက် ဂိုးတွေ အများကြီး သွင်းခဲ့တာနဲ့ လီဗာပူးမှာ အကောင်းဆုံး ရာသီတစ်ခု ပိုင်ဆိုင်ခဲ့သလို ကြီးမားတဲ့ အောင်မြင်မှုတွေဟာ မြောက်အိုင်ယာလန်သားနည်းပြရဲ့ လမ်းညွှန်မှု မပါဘဲ ဖြစ်လာမှာ မဟုတ်ဘူး လို့ ဆွာရက်ဇ်က ပြောပါတယ်။
၂၁ ရာစု အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံရတဲ့ ဆွာရက်ဇ်ဟာ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှာ အေဂျက်စ်ကနေ အန်ဖီးလ်ကို ရောက်လာခဲ့တာပါ။ အစပိုင်းမှာတော့ ကန်နီဒယ်လ်ဂလစ်လက်အောက်မှာ ကစားခဲ့ပေမဲ့ ၂၀၁၂ ခုနှစ်မှာ ရော်ဂျာ ရောက်လာခဲ့တာက သူ့အတွက် အလှည့်အပြောင်းတစ်ခုပါပဲ လို့ ဆွာရက်ဇ်က ပြောပါတယ်။
၂၀၁၆ ခုနှစ်တုန်း ရော်ဂျာတစ်ယောက် ဆဲလ်တစ်အသင်းနဲ့ သတင်းတွေ ထွက်နေချိန် ဆွာရက်ဇ်က "'သူက ဥရောပရဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါပဲ၊ သူက ဒီအားကစားကို ချစ်တဲ့သူဆိုတော့ ဘောလုံးလောကထဲ ပြန်ဝင်ဖို့ ကြည့်နေတာ မဆန်းပါဘူး' လို့ပါ။ 'ကျွန်တော့်ရဲ့ ဘောလုံးပညာမှာ သူ့ရဲ့ လမ်းညွှန်မှုနဲ့ စီမံခန့်ခွဲမှုက အများကြီး အရေးပါခဲ့ပါတယ်' လို့ ပြောခဲ့ပါတယ်"။
ဥရုဂွေးကြယ်ပွင့်က ၂၀၂၃ ခုနှစ်မှာ Daily Record နဲ့ အင်တာဗျူးတုန်းကလည်း ရော်ဂျာအပေါ် ကျေးဇူးတင်မှုကို ထပ်ပြီး ပြောခဲ့ပါသေးတယ်။ "'ဘရမ်ဒန်သာ မရှိရင် ကျွန်တော် အခုလို ကစားသမားဘဝမျိုး ရခဲ့မယ် မထင်ဘူး၊ သူက ကျွန်တော့်အပေါ် အများကြီး ရင်းနှီးမြှုပ်နှံခဲ့တာပါ' လို့ ဆွာရက်ဇ်က ပြောခဲ့ပါတယ်"။ ရော်ဂျာရဲ့ လမ်းညွှန်မှုအောက်မှာ ဆွာရက်ဇ်ဟာ ၂၀၁၃-၁၄ ပရီးမီးယားလိဂ်ရာသီမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ၃၃ ပွဲ ကစားပြီး ၃၁ ဂိုးအထိ သွင်းခဲ့တာကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ PFA တစ်နှစ်တာ အကောင်းဆုံးဆုတွေကို ရခဲ့ပါတယ်။
အဲ့ဒီရာသီမှာ လီဗာပူးက ပရီးမီးယားလိဂ်ဖလားကို လက်တစ်ကမ်းအလိုမှာ လွဲခဲ့ရပေမဲ့ ဒုတိယနေရာနဲ့ အဆုံးသတ်ခဲ့တာပါ။ ဆွာရက်ဇ်ရဲ့ တစ်ဦးချင်း ထူးချွန်မှုကတော့ ငြင်းလို့မရပါဘူး။ သူဟာ ပရီးမီးယားလိဂ်ခေတ် လီဗာပူးရဲ့ တတိယမြောက် ဂိုးအများဆုံးသွင်းသူအဖြစ် ရှိနေဆဲပါ။ ဆွာရက်ဇ်က ရော့ဂျာရဲ့ ထူးခြားတဲ့ ကစားသမားစီမံခန့်ခွဲမှုနဲ့ တိကျတဲ့ချဉ်းကပ်မှုတွေကို ချီးကျူးခဲ့ပါတယ်။ "'သူက အသင်းကို ဂရုစိုက်တယ်၊ ဆွဲဆောင်မှုရှိတဲ့ ဘောလုံးကို ကစားစေချင်တယ် ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ လူတွေ မသိနိုင်တာက သူ ကစားသမားတစ်ယောက်ချင်းစီနဲ့ တစ်ဦးချင်း ဘယ်လောက် အလုပ်လုပ်ပေးလဲ ဆိုတာပါပဲ။
သူက မင်းနဲ့ လိုအပ်သလောက် အကြိမ်ကြိမ်ထိုင်ပြီး တိုးတက်ရမယ့် နေရာတွေအတွက် စီစဉ်ပေးတယ်၊ အားသာချက်တွေအကြောင်း ပြောပြတယ်၊ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို ကြည့်ပြီး မင်းကစားသမားအနေနဲ့ ဘယ်လို အားသာချက်ယူပြီး ကစားနိုင်မလဲ ဆိုတာတွေကို ပြောပြတယ်' လို့လည်း ဆွာရက်ဇ်က ပြောခဲ့ပါတယ်"။