The network connection is lost.

Banner Image

တံကောက်ကြောဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူသွားရတော့မယ့် ဟားဗတ်ဇ်

အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟားဗတ်ဇ်ဟာ အသင်းရဲ့ ဒူဘိုင်းလေ့ကျင့်ရေးစခန်းကို လိုက်ပါခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်အထိအနားယူသွားရတော့မယ်လို့သိရပါတယ်။ ကစားသမားရဲ့ဒဏ်ရာက ပြင်းထန်တာကြောင့် ခွဲစိတ်ကုသမှုလည်း ခံယူသွားရမယ်လို့ အာဆင်နယ်က အတည်ပြုထုတ်ပြန်ထားပြီး ပုံမှန်အခြေအနေပြန်ဖြစ်ဖို့ ၂၀၂၅-၂၆ ရာသီကြိုကာလအထိ အနားယူသွားရနိုင်ချေရှိပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ အရေးပါတဲ့တိုက်စစ်မှူးမပါမဝင်ဘဲ ရာသီကုန်အထိ ကစားသွားရမှာဖြစ်လို့ ရုန်းကန်သွားရဖို့ရှိနေပါတယ်။ 

အာဆင်နယ်က "ပြီးခဲ့တဲ့အပတ်က ဒူဘိုင်းမှာပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ကိုင်ဟားဗတ်ဇ် တံကောက်ကြောဒဏ်ရာရခဲ့ပါတယ်။ ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်နေပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ ခွဲစိတ်သွားရပါမယ်။ ဒဏ်ရာပြင်းထန်တာကြောင့် ကစားသမားဟာ နဂိုပုံမှန်အတိုင်းပြန်ဖြစ်ဖို့ နောက်ရာသီအကြိုအထိ အနားယူသွားရမှာဖြစ်ပါတယ်။ အသင်းအနေနဲ့ ကိုင်အတွက် ကြံ့ခိုင်ရေး တတ်နိုင်သလောက် အမြန်ဆုံး ပြန်လည်ရရှိစေဖို့ အပြည့်အဝအာရုံစိုက်ပြီး ကူညီပေးသွားပါမယ်" လို့ထုတ်ပြန်ခဲ့ပါတယ်။ 

လက်ရှိ အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းမှာ ဂါဘရီရယ်ဂျီးဆပ်နဲ့ ဘူကာယိုဆာကာတို့ကလည်း ဒဏ်ရာပြဿနာကိုယ်စီနဲ့ ကာလရှည်အနားယူဖို့လိုအပ်နေတာကြောင့် ဟားဗတ်ဇ်ရဲ့ဒဏ်ရာဟာ နည်းပြအာတီတာအတွက် နောက်ထပ်ပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဘယ်တောင်ပံကစားသမားဟာ ဂါဘရီရယ်မာတင်နယ်လီကလည်း ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကိုရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိထားခဲ့ပြီး ၁ လကျော်လောက်အထိ အနားယူဖို့လိုအပ်နေတာဖြစ်ပါတယ်။ 

ယခုရာသီမှာ ဟားဗတ်ဇ်ဟာ အာဆင်နယ်အတွက် စုစုပေါင်း ၃၄ ပွဲအထိပါဝင်ကစားထားပြီး ၁၅ ဂိုးအထိသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးသစ်ခေါ်ယူနိုင်ခဲ့ခြင်းမရှိတဲ့ အာဆင်နယ်အတွက် ဟားဗတ်ဇ်ရဲ့ဒဏ်ရာက နောက်ထပ် အနုတ်သဘောဆောင်တဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ 

ဈေးကွက်ထဲမှာ အာဆင်နယ်ဟာ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်ကို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမယ့်ခေါ်ယူနိုင်ခဲ့ခြင်းမရှိလို့ နည်းပြ အာတီတာကိုယ်တိုင် စိတ်ပျက်စရာဖြစ်ကြောင်း ညည်းတွားထားခဲ့သေးပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်၊ ဝုဗ်တိုက်စစ်မှူး မားသီးယက်ကွန်ဟာ၊ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ခိုနဲ့ ဘရိုက်တန်တိုက်စစ်မှူး အီဗန်ဖာဂူဆန်တို့ကို ခေါ်ယူမယ်လို့ ကောလာဟလတွေထွက်ပေါ်ခဲ့ပေမယ့် တစ်ယောက်မှခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ 

ဘောလုံးဝေဖန်သုံးသပ်သူတွေက အာဆင်နယ်ဟာ ဆုဖလားတွေကိုစိန်ခေါ်ဖို့ တိုက်စစ်မှူးသစ်တစ်ဦး မဖြစ်မနေခေါ်ယူဖို့ လိုအပ်ကြောင်း ထောက်ပြနေကြတဲ့အချိန် အခုလို ဟားဗတ်ဇ်ပါဒဏ်ရာထပ်ရသွားခဲ့တာကြောင့် နောက်ထပ်ပြောစရာဖြစ်လာခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ အာတီတာက ဟားဗတ်ဇ်ဟာ ရာသီကုန်အထိ အသင်းရဲ့ပွဲစဉ်တိုင်းကို ပါဝင်ကစားသွားရနိုင်ချေရှိတယ်လို့ ပြောကြားထားခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးရဲ့ ရမှတ် ၇ မှတ်သာကွာဟတော့ပေမယ့် ကျန်ရှိတဲ့အသင်းရဲ့လူစာရင်းနဲ့ဆိုရင် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ အတော်လေးအခက်ကြုံသွားရနိုင်ချေရှိပါတယ်။