လီဗာပူးနောက်ကိုအမီလိုက်ဖို့ အာဆင်နယ်ဟာ တူတစ်ချောင်းလိုဖြစ်နေရမယ်လို့ဆိုလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်ထားတဲ့ လီဗာပူးနောက်ကိုအမီလိုက်ဖို့ အသင်းဟာ တူတစ်ချောင်းလို သန်မာနေရမယ်လို့ ပြောကြားလာခဲ့ပါတယ်။
အန်းစလော့ရဲ့ဦးဆောင်မှုနဲ့အတူ ပြိုင်ပွဲစုံမှာ ပုံစံကောင်းရနေတဲ့ လီဗာပူးဟာ ယခုလက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလည်း ၁ ပွဲလျော့အနေအထားနဲ့ ဒုတိယနေရာက နော်တင်ဟမ်ဖောရက်စ်ကို ၈ မှတ်အထိဖြတ်တောက်ထားနိုင်တာဖြစ်ပါတယ်။ တတိယနေရာက အာဆင်နယ်ကတော့ ၁ ပွဲလျော့အနေအထားမှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရမှတ် ၁ မှတ်သာကွာဟထားတာကြောင့် လက်ရှိအချိန်မှာ အမှတ်ပေးဖလားကို လီဗာပူးနဲ့အပြိုင် စိန်ခေါ်ဖို့ဖြစ်နိုင်ချေအရှိဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါကြောင့် ယခုအခါမှာ အာတီတာက သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် တူတစ်ချောင်းလိုသန်မာနေရမယ်လို့ အသင်းရဲ့ကစားသမားတွေကို တွန်းအားပေးပြောကြားလာခဲ့ပါတယ်။ စပိန်သားက “ကျွန်တော်တို့ တူတစ်ချောင်းလိုမျိုး သန်သန်မာမာနဲ့ရှေ့ဆက်သွားနိုင်ဖို့လိုပါတယ်။ နေ့ရက်တိုင်းမှာ သန်မာဖို့လိုပြီး တကယ်လို့ လီဗာပူးကလည်း ပွဲစဉ်တိုင်းကို အနိုင်ရနေရင် သူတို့ကိုဂုဏ်ပြုပေးရပါမယ်။ တကယ်လို့ လီဗာပူးက ပွဲစဉ်တိုင်းကို အနိုင်မရဘူးဆိုရင်တော့ ထိပ်ဆုံးနေရာက ကျွန်တော်တို့အတွက်ဖြစ်လာမှာပါ” လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အတွက် ဇန်နဝါရီလပွဲအချိန်ဇယားဟာ အတော်လေးကျပ်တည်းတဲ့အခြေအနေမှာရှိနေပြီး အာတီတာရဲ့အသင်းဟာ ၂၉ ရက်အတွင်း ပွဲစဉ် ၉ ပွဲအထိကစားသွားရမှာဖြစ်ပါတယ်။ သို့သော်လည်း အာတီတာကတော့ “ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတာ သက်သေပြသွားရပါမယ်။ ဒီရာသီမှာပဲ ဒါကိုသက်သေပြထားပြီးပါပြီ။ ဒဏ်ရာပြဿနာတွေကြောင့် ကျွန်တော်တို့ဟာ အဓိကကစားသမား ၁၀ ယောက်တည်းနဲ့ ကစားထားရပါတယ်။ အခုက နောက်ထပ် ခြေလှမ်းတစ်ခုပါ။ ဒီအခြေအနေတွေနဲ့ အသားကျအောင်ကြိုးစားသွားရမှာဖြစ်လို့ ရင်ဆိုင်သွားရမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ အာဆင်နယ်ဟာ သောမတ်စ်ဖရန့်ခ်ရဲ့ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နှစ်သစ်ကို နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။