The network connection is lost.

Banner Image

စပိန်လက်ရွေးစင်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ ဖွန်တေ

စပိန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာဆုဖလား ၂ ကြိမ်အထိ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေဟာ ယခုအခါမှာတော့ အသင်းနဲ့ ၂၀၂၈ ခုနှစ်ယူရိုဖလားပြိုင်ပွဲအထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီဖြစ်ပါတယ်။ အသက်-၆၃ နှစ်အရွယ်နည်းပြရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် စပိန်အသင်းအနေနဲ့ လက်ရှိယူရိုချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပြီး ဖွန်တေကို စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုကို ပင်နယ်တီအဆုံးအဖြတ်မှာရှုံးနိမ့်ခဲ့ပြီးနောက် စပိန်အသင်းဟာ နည်းပြလူးဝစ်အင်းနရစ်ကို ရာထူးကနေဖယ်ရှားခဲ့ပြီး ဖွန်တေကို နည်းပြသစ်အဖြစ်စတင်ခန့်အပ်ခဲ့ပါတယ်။ ဖွန်တေဟာ စပိန်အသင်းအတွက် ၂၀၂၂-၂၃ နေရှင်းလိဂ်ဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲမှာလည်း အင်္ဂလန်ကို ၂-၁ နဲ့အနိုင်ယူပြီး ချန်ပီယံဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ 

ဖွန်တေရဲ့လက်ထက် ပြိုင်ပွဲစုံ ၂၃ ပွဲကစားထားရာမှာ စပိန်ဟာ ရှုံးပွဲ ၁ ပွဲသာရှိခဲ့ပြီး ၈၇ ရာခိုင်နှုန်းအထိ နိုင်ပွဲရရှိထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ၂၃ ပွဲအတွင်း စပိန်ဟာ ၅၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ၁၄ ဂိုးသာပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ လာမယ့်မတ်လ ၂၀ ရက်နေ့မှာတော့ စပိန်ဟာ နေရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နယ်သာလန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဖွန်တေအနေနဲ့ နိုင်ငံအသင်းအတွက် နိုင်ပွဲတွေဆက်လက်ရယူပေးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။