The network connection is lost.

Banner Image

မာယော့ကာကိုအနိုင်ယူပြီးနောက် လူငယ်ကြယ်ပွင့်တွေရဲ့စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ အန်ဆယ်လော့တီ

ဒုတိယပိုင်းနာကျင်အချိန်ပိုငါးမိနစ်အတွင်း အကယ်ဒမီလူငယ်ခံစစ်မှူးဂျာကိုဘိုရာမွန်ရဲ့သွင်းဂိုးနဲ့အတူ မာယော့ကာကို ၂-၁ ဂိုးဖြင့် နောက်မှလိုက်ကစားကာ အနိုင်ယူနိုင်ခဲ့တဲ့ပွဲစဉ်အပြီး အားအင်ချိနဲ့နေတဲ့ ရီးရဲလ်မက်ဒရစ်အတွက် အကူအညီဖြစ်စေခဲ့တဲ့ လူငယ်ကစားသမားတွေကို နည်းပြအန်ဆယ်လော့တီက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘာစီလိုနာရဲ့ဆုဖလားအောင်ပွဲ နှောင့်နှေးသွားသလို ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါချန်ပီယံအိပ်မက်မျှော်လင့်ချက်ငွေ့ငွေ့လည်း ဆက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခုညပိုင်းမှာ ဘာစီလိုနာက မြို့ခံပြိုင်ဘက်အက်စ်ပန်ညိုကို အနိုင်ရရှိမယ်ဆိုရင် သူတို့ရဲ့ ၂၈ ကြိမ်မြောက် လာလီဂါချန်ပီယံဘွဲ့ကို သေချာပေါက်သိမ်းပိုက်သွားနိုင်ပါလိမ့်မယ်။

သတင်းစာရှင်းလင်းပွဲအတွင်း အန်ဆယ်လော့တီက “ စီနီယာကစားသမား ၁၂ ဦး ဒဏ်ရာရရှိနေပေမယ့် ကျွန်တော်တို့ လက်မြှောက်အရှုံးပေးခဲ့ခြင်း မရှိပါဘူး။ ဒါမျိုးက အလွန်ရှားပါးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ဒီနိုင်ပွဲက အသင်းနဲ့ ပါဝင်ကစားပေးလာတဲ့ကစားသမားတွေရဲ့စိတ်ဓါတ်၊ စွမ်းဆောင်ရည်တွေကြောင့် ရရှိလာခဲ့တာပါ။ အခုလိုမျိုး ပြိုင်ဘက်ဂိုးပေါက်ဆီ အကြိမ် ၄၀ လောက်ကန်သွင်းယူနိုင်တဲ့အသင်းမျိုးကို ကျွန်တော်မတွေ့ဖူးပါဘူး။ ဒီနေ့၊ ကွင်းထဲမှာခြေချလာတဲ့ကစားသမားတွေက အခုပွဲစဉ်ကိုမကစားပေးနိုင်တဲ့ကစားသမားတွေအတွက် သာမန်ထက်ပိုပြီးတော့တောင် အကူအညီဖြစ်စေခဲ့ပါတယ်။ ရာသီတလျှောက်လုံး အခုလိုစိတ်ဓါတ်မျိုးနဲ့ ပွဲစဉ်အများစုကို ဖြတ်သန်းဖြစ်ခဲ့မယ်ဆိုရင် အခုထက်ပိုကောင်းတဲ့ဘောလုံးရာသီတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာပဲ အန်ဆယ်လော့တီက လစ်လပ်နေတဲ့ဘရာဇီးလက်ရွေးစင်အသင်းနည်းပြရာထူးကို တာဝန်ယူရန် အခုဘောလုံးရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်မှထွက်ခွာမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ ဒါပေမယ့် အီတာလျံသားက မေ ၂၆ ရက်မတိုင်ခင်အထိ သူ့ရဲ့အာရုံတွေကို စပိန်နိုင်ငံရဲ့မြို့တော်ဆီမှာ နှစ်မြှုပ်ထားမယ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ ဆန်တီယာဂိုဘာနေဗျူးရဲ့ ရီးရဲလ်မက်ဒရစ်အရန်ခုံတန်းမှာ ရှိနေချိန်တိုင်း ကျွန်တော့်အတွက် အမြဲတမ်းလိုလို ထူးခြားနေခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့လုပ်ခဲ့သလိုမျိုးပဲ နောက်ဆုံးအချိန်အထိ အနိုင်ရရှိအောင်ကြိုးစားရင်း တက်နိုင်သမျှ အရာအားလုံးလုပ်ဆောင်ကာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ကျွန်တော် ထွက်ခွာသွားပါမယ်။

ကျွန်တော်တို့တွေက ကိုယ်လုပ်ဆောင်နေတဲ့အရာတွေအပေါ် ယုံကြည်မှုရှိပါတယ်။ လက်ကျန်ပွဲစဉ်တွေကို အနိုင်ကစားပြီး ဘာတွေဆက်လာဖြစ်လာမလဲ စောင့်ကြည့်သွားရပါမယ်။ပြိုင်ဘက်တွေ ရှုံးနိမ့်ဖို့ လိုအပ်ပေမယ့် ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။