
ထိပ်တန်းပစ်မှတ်ကိုခေါ်ယူနိုင်တော့မယ့် အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်အသင်းဟာ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ကိုခေါ်ယူနိုင်တော့မှာဖြစ်ပြီး စပို့တင်းပြောင်းရွှေ့ကြေးဆွေးနွေးနေတာ အဆင်ပြေနေတယ်လို့ သိရပါတယ်။ဆွီဒင်သားဟာ ယူနိုက်တက်အပါအဝင် အသင်းတော်တော်များများရဲ့ကမ်းလှမ်းမှုကို ပယ်ချကာ အာဆင်နယ်တစ်သင်းတည်းကိုသာ ပြောင်းချင်နေပါတယ်။
ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားခဲ့ပေမယ့်လည်း အသက် ၂၇ နှစ်သားကတော့ အာဆင်နယ်ကိုသာ ပြောင်းချင်တယ်လို့ ဆိုထားပါတယ်။ စပို့တင်းဘက်က သူတို့တိုက်စစ်မှူးကို လက်လွှတ်ရမှာထိတ်လန့်နေပေမယ့် မကြာခင်မှာ အပြောင်းအရွှေ့ အပြီးသတ်ဖွယ်ရှိနေပါတယ်။ CNN ပေါ်တူဂီသတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ စပို့တင်းနဲ့ပြောင်းရွှေ့ကြေးညှိနှိုင်းနေပြီး ကနဦးယူရို ၆၅ သန်း + အပိုဆုကြေးကို ယူရို ၈ သန်းကနေ ၁၅ သန်းပေးချေမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယိုကရက်စ်ကတော့ အာဆင်နယ်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီထားပြီးဖြစ်ကာ အာဆင်နယ်အနေနဲ့ လာမယ့်အပတ်ထဲမှာ အပြောင်းအရွှေ့ကို ကြေညာချင်နေပါတယ်။အစောပိုင်းတုန်းက အာဆင်နယ်ဟာ ဆက်စ်ကိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပေမယ့် လိုက်ပ်ဇစ်ဘက်က ယူရိုသန်း ၉၀ ကိုဈေးမချတာကြောင့် ယိုကရက်စ်ဘက်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ ကီပါ နဲ့ ဇူဘီမန်ဒီတို့ကိုခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ကာ ယိုကရက်စ်ကိုခေါ်ယူပြီးတာနဲ့ အခြားလိုအပ်တဲ့နေရာတွေကို ထပ်မံအားဖြည့်ဦးမှာဖြစ်ပါတယ်။ ဇူဘီမန်ဒီကို ပါတေးနေရာအစားထိုးခေါ်ယူခဲ့တာဖြစ်ပြီး အာတီတာကတော့ စပိန်သားဟာ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အခရာကျလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “မာတင်က ကျွန်တော်တို့အသင်းထံ များပြားတဲ့အရည်အချင်း နဲ့ ဘောလုံးစွမ်းရည်တွေ သယ်ဆောင်လာပေးနိုင်မယ့်သူပါ။ သူက ဒီမှာအလျင်အမြန်အထိုင်ကျပြီး အသင်းကိုအကျိုးပြုပါလိမ့်မယ်။
ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း ကလပ်အသင်းမှာကော နိုင်ငံအသင်းမှာပါ သူပြသခဲ့တဲ့စွမ်းဆောင်ရည်က တည်ငြိမ်လွန်းသလို ကျွန်တော်တို့အားလုံး မာတင် နဲ့ သူ့မိသားစုကနေ ကြိုဆိုနေပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။