
ချဲလ်ဆီးစတားတစ်ဦးကို ကမ်းလှမ်းမှုပြုလုပ်ထားတဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်ဟာ ချဲလ်ဆီးစတား မာဒူကီကို ကမ်းလှမ်းမှုတစ်ခုပြုလုပ်ထားသလို တောင်ပံနေရာအတွက် ရိုဒရီဂိုကိုလည်း လက်မလျှော့သေးဘူလို့ သိရပါတယ်။
လက်ရှိမှာ အာဆင်နယ်ဟာ ကစားသမား ၃ ဦးအထိခေါ်ယူထားနိုင်ခဲ့ပြီး နောက်ထပ်အားဖြည့်မှုတွေဆက်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဂိုးသမားနေရာအတွက် ကီပါကိုခေါ်ယူထားနိုင်ခဲ့ပြီဖြစ်သလို နောက်တန်းနေရာအတွက်လည်း ဗလန်စီယာနောက်ခံလူ မော့စကွီယာနဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပါတယ်။
“အာဆင်နယ်က ဗလန်စီယာစတား မော့စကွီယာကို ကနဦးယူရို ၁၄ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အာဆင်နယ်အနေနဲ့ နောက်ထပ်ကမ်းလှမ်းဦးမှာဖြစ်ပြီး ယူရို ၂၅ သန်းလောက်သုံးရနိုင်ပါတယ်။ စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့တာကြောင့် ယူရိုသန်း ၂၀ လောက်ဆိုရင်အဆင်ပြေနိုင်ပါတယ်။ အာဆင်နယ်က ကမ်းလှမ်းဖို့သာကျန်တော့တာဖြစ်ပြီး ကျန်တဲ့အပိုင်းက အကုန်အဆင်ပြေနေပါပြီ။
ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ် နဲ့ ပရီးမီးယားလိဂ်မှာကစားချင်နေပါတယ်။ အခုတော့ အသင်း ၂ သင်းကြားဆွေးနွေးနေပြီး သဘောတူညီမှုတော့မရသေးပါဘူး။ အာဆင်နယ်အနေနဲ့ နောက်တစ်ကြိမ်ကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ခုထပ်လုပ်ဦးမယ်လို့ ထင်ပါတယ်”လို့ ရိုမာနိုက ပြောကြားခဲ့ပါတယ်။ တိုက်စစ်ပိုင်းအတွက်တော့ ဘာတာ နဲ့ အာတီတာတို့ကြား ဆွေးနွေးနေဆဲဖြစ်ပြီး ယိုကရက်စ် နဲ့ ဆက်စ်ကိုတို့ကိုချိတ်ဆက်နေဆဲဖြစ်ပါတယ်။
ဒါပေမယ့် အာတီတာက တောင်ပံနေရာအတွက် ရိုဒရီဂိုကို ချိတ်ဆက်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် စကိုင်းဂျာမနီသတင်းထောက် ပလက်တန်ဘာ့ဂျ်ကတော့ အာဆင်နယ်ဟာ ချဲလ်ဆီးစတား မာဒူကီကို ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ “အာဆင်နယ်က ချဲလ်ဆီးစတား မာဒူကီကို ကမ်းလှမ်းထားပါပြီ။ အသက် ၂၃ နှစ်သားက အခုနွေရာသီမှာ အသင်းကနေထွက်ခွာနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က ရိုဒရီဂိကိုလည်း လက်မလျှော့သေးပါဘူး”လို့ ပလက်တန်ဘာ့ဂျ်က တွစ်တာမှာ ရေးသားတင်ခဲ့ပါတယ်။