The network connection is lost.

Banner Image

မတ်လနိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်ကစားနိုင်တော့မယ့် ဆာကာ

တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ အာဆင်နယ်တောင်ပံကစားသမား ဘူကာယိုဆာကာဟာ ဒဏ်ရာမှလျင်လျင်မြန်မြန်သက်သာလာတာကြောင့် လာမယ့မတ်လမှာ ကျင်းပသွားမယ့် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အသင်းအတွက် ပြန်ကစားနိုင်တော့မယ်လို့ သိရပါတယ်။ 

သတင်းတွေအရ ဆာကာအပြင် နောက်ထပ်တံကောက်ကြောဒဏ်ရာရရှိထားတဲ့ တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီဟာလည်း မတ်လအကုန်မှာပဲ ပြန်ကစားနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ခရစ္စမတ်ကာလမတိုင်မီကတည်းက ပြင်းထန်တဲ့ တံကောက်ကြောကြွက်သားစုတ်ပြဲဒဏ်ရာရရှိခဲ့တဲ့ဆာကာဟာ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ခဲ့သလို၊ မာတင်နယ်လီကလည်း နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား ဒုတိယအကျော့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ 

The Mirrior ရဲ့အဆိုအရ ယခုအခါမှာတော့ အဆိုပါကစားသမား ၂ ဦးစလုံးဟာ ဧပြီနဲ့ မေလတွေမှာ အာဆင်နယ်အတွက် အပြည့်အဝပြန်လည်ပါဝင်ကစားပေးနိုင်မယ်လို့ သိရပါတယ်။ ဆာကာနဲ့ မာတင်နယ်လီသာမက ကိုင်ဟားဗတ်ဇ်နဲ့ ဂါဘရီရယ်ဂျီးဆပ်တို့ကလည်း ဒဏ်ရာပြဿနာတွေ ကိုယ်စီကြုံတွေ့ထားရတာကြောင့် အာဆင်နယ်ရဲ့တိုက်စစ်ဟာ မကြာသေးမီကာလတွေမှာ ပုံစံကောင်းပြသနိုင်ဖို့ အတော်လေးရုန်းကန်နေခဲ့ရပါတယ်။ လက်ရှိအာဆင်နယ်ရဲ့တိုက်စစ်မှာ ရာဟင်းမ်စတာလင်၊ လီအန်ဒရိုထရိုဆက်နဲ့ အီသန်နွာနီရီတို့သာရှိနေပေး နည်းပြမီခေးလ်အာတီတာအနေနဲ့ အဆိုပါကစားသမားတွေကိုသာ အားကိုးနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က လက်စတာကို ၀-၂ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာတီတာဟာ ကွင်းလယ်လူ မီခေးလ်မီရီနိုကို အရေးပေါ်ဗဟိုတိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ရပေမယ့် မီရီနိုက အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

မတ်လမှာ နိုင်ငံတကာပွဲစဉ်တွေကျင်းပသွားမှာဖြစ်ပေမယ့် အင်္ဂလန်နည်းပြသစ် သောမတ်စ်တူချယ်လ်အနေနဲ့ ဆာကာကိုတော့ အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းသွားနိုင်မှာမဟုတ်ပါဘူး။ အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် အယ်လ်ဘေးနီးယား၊ လတ်ဗီယာတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ် ၂ ပွဲစလုံးကို အိမ်ကွင်းဝင်ဘလေမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ 

အင်္ဂလန်အနေနဲ့ ဆာကာကို အသင်းရဲ့ပွဲစဉ် ၂ ပွဲအတွက် အသုံးပြုနိုင်မှာမဟုတ်ပေမယ့် အာဆင်နယ်ကတော့ မတ်လနှောင်းပိုင်းမှစပြီး ကစားသမားကို ပြန်လည်သုံးပြုနိုင်မှာဖြစ်လို့ ရာသီကုန် ဆုဖလားမျှော်လင့်ချက်ကို ပြန်လည်အားကောင်းလာစေနိုင်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲကစားဖို့ ကျန်ရှိနေချိန်မှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၇ မှတ်သာကွာဟနေလို့ ချန်ပီယံဆုအတွက် အခွင့်အရေးရှိနေဆဲဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ရှုံးထွက် ၁၆ သင်းအဆင့်ထိ တက်ရောက်ထားနိုင်ပါတယ်။