ဇနီးဖြစ်သူ ခရစ္စတီးနားဆာရာနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ နှစ်ပေါင်း ၃၀ ကြာပေါင်းသင်းခဲ့တဲ့ ဇနီးဖြစ်သူ ခရစ္စတီးနားဆာရာနဲ့ လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။ ဂွါဒီယိုလာနဲ့ဆာရာတို့ဟာ ယခုအခါမှာတော့ ဇနီးမောင်နှံဆက်ဆံရေးမျိုးမရှိတော့ပေမယ့် ရင်းနှီးတဲ့မိတ်ဆွေတွေအဖြစ် ဆက်လက်နေထိုင်သွားဖို့ ဆုံးဖြတ်ထားကြတယ်လို့ သတင်းတွေကဆိုပါတယ်။ သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ခရစ္စမတ်ကာလကိုလည်း သားသမီး ၃ ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြပါသေးတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ၂၀၁၉ ခုနှစ်မှာ ဆာရာဟာ သူမရဲ့ဖက်ရှင်လုပ်ငန်းကို ဂရုတစိုက်လုပ်ကိုင်ဖို့အတွက် မန်ချက်စတာမှထွက်ခွာကာ ဘာစီလိုနာသို့ပြန်သွားခဲ့ပြီး သားသမီး ၃ ယောက်ထဲမှ ၁ ဦးကိုလည်း သူမနဲ့အတူ ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ ထိုစဉ်က ဂွါဒီယိုလာတစ်ယောက် မန်ချက်စတာမှာကျန်ရှိခဲ့ပေမယ့် သူတို့ ၂ ဦးအကြား အဆက်အသွယ်ရှိနေခဲ့ပြီး ပုံမှန်အတိုင်းဆက်ဆံခဲ့ကြပါတယ်။
ယခုအခါမှာတော့ ဂွါဒီယိုလာနဲ့ဆာရာတို့ဟာ နှစ်ဦးသဘောတူလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ သူတို့ ၂ ဦးဟာ ၁၉၉၄ ခုနှစ်မှာ စတင်ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး ထိုစဉ်က ဂွါဒီယိုလာဟာ ၂၃ နှစ်အရွယ်သာရှိသေးသလို၊ ဆာရာကလည်း အသက်-၂၀ သာရှိပါသေးတယ်။ သို့သော်လည်း သူတိုဟာ ၂၀၁၄ ခုနှစ်မှသာ တရားဝင်လက်ထပ်ခဲ့ကြတာဖြစ်ပြီး သားသမီး ၃ ဦးထွန်းကားခဲ့ကာ မာရီယာ(၂၄ နှစ်)၊ မားရီးရက်စ်(၂၂ နှစ်)၊ နဲ့ ဗလန်တီးနား(၁၇ နှစ်) တို့ဖြစ်ကြပါတယ်။
လက်ရှိအချိန်မှာတော့ ဂွါဒီယိုလာဟာ လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိဖို့ အစပျိုးနေပြီဖြစ်တဲ့ မန်စီးတီးကို အာရုံစိုက်နေပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်နေကာ ထိပ်ဆုံးကလီဗာပူးနဲ့ ၁၂ မှတ်အထိကွာဟနေပါတယ်။