အန်ဖီးလ်ကွင်းပွဲစဉ်မတိုင်ခင် နစ္စတယ်ရွိုင်းကို တခုတ်တရချီးကျူးပြောဆိုခဲ့တဲ့ အန်းစလော့
အခုညပိုင်း၊ လက်စတာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ထပ်တန်းပုံစံကောင်းပြသနိုင်ဖို့ လိုအပ်တယ်လို့ လီဗာပူးကစားသမားတွေဆီ အန်းစလော့က သတိပေးပြောကြားလိုက်ပါတယ်။ ရုဒ်ဗန်နစ္စတယ်ရွိုင်းရဲ့အသင်းက တန်းဆင်းဇုန်အထက် နှစ်မှတ်အကွာ၊ အမှတ်ပေးဇယားအဆင့်-၁၇ နေရာမှာ ရပ်တည်နေသလို နောက်ဆုံးနှစ်ပွဲဆက်ဂိုးပေါက်ပျောက်ကာ ပေးဂိုးခုနစ်ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် အန်းစလော့ကတော့ သူ့ဘဝရဲ့အတွေ့အကြုံကောင်းတွေကို ဖော်ထုတ်သွားခဲ့ပြီး အရာရာတိုင်း မမျှော်လင့်ဘဲ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို လေးမှတ်ဖြတ်ဦးဆောင်ထားတဲ့ အန်းစလော့က “ အန်ဖီးလ်ဆီ ရောက်ရှိလာဖို့ဆိုတာ ပြိုင်ဘက်တွေအတွက် ထူးရှယ်ပါပဲ။ အန်ဖီးလ်ဆီရောက်ရှိလာချိန်တိုင်း အကောင်းဆုံးပုံစံမှာရှိနေရမယ်ဆိုတာ ပြိုင်ဘက်တွေ သိကြပါတယ်။ ဒါကြောင့် သူတို့က ကျွန်တော်တို့ကို ဘယ်တော့မှ လျှော့မတွက်ထားပါဘူး။ တော့တင်ဟမ်နဲ့ပွဲစဉ်လိုပဲ ၁၅ မိနစ်အတွင်း ကျွန်တော်တို့တွေ နှစ်ဂိုးလောက်ပေးလိုက်ရမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ဘယ်ပြိုင်ဘက်ကိုမဆို တစ်မိနစ်လောက်လေးတောင် လျှော့တွက်လို့မရဘူးဆိုတာ နားလည်နိုင်လာမှာဖြစ်တာကြောင့် ကောင်းမွန်တဲ့အရာဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းက ထင်ထားသလောက် မကောင်းမွန်သေးလို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် အန်းစလော့နဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်းတို့က နယ်သာလန်မြေမှာလည်း ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အန်းစလော့ရဲ့ဖီယင်နုအသင်းက ၂၀၂၃ ခုနှစ်မှာ ဒတ်ချ်အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ရုဒ်ဗန်နစ္စတယ်ရွိုင်းကိုင်တွယ်တဲ့ ပီအက်စ်ဗွီကိုတော့ လိဂ်ပွဲစဉ်တွေမှာ တစ်ပွဲရှုံး၊ တစ်ပွဲသရေရလဒ်နဲ့အတူ အနိုင်မရရှိခဲ့ပါဘူး။ အန်းစလော့က “အဲ့ဒီအချိန်တုန်းက သူတို့အသင်းမှာ ဂတ်ပိုရှိနေတယ်လေ။ အခု ရုဒ်ဗန်နစ္စတယ်ရွိုင်းနဲ့ ရင်ဆိုင်ရချိန် ကျွန်တော့်ရဲ့အသင်းမှာ ဂတ်ပိုရှိနေလို့ ပျော်ရွှင်ကျေနပ်မိပါတယ်။
ရုဒ်ဗန်နစ္စတယ်ရွိုင်းက လူကောင်းတစ်ဦးပါ။ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ဆုံဖူးပါတယ်။ သူက ပီအက်စ်ဗွီအသင်းမှာ အကောင်းဆုံးလုပ်ပြခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကာလအတွင်း သူတို့တွေက အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာပဲ ရှိနေခဲ့လို့ပါ။ ရုဒ်ဗန်နစ္စတယ်ရွိုင်းရဲ့ဒုတိယရာသီဝက်ကာလကို ကြည့်လိုက်မယ်ဆိုရင် သူတို့တွေ တစ်ပွဲပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ပီအက်စ်ဗွီကို ရုဒ်ဗန်နစ္စတယ်ရွိုင်းကိုင်တွယ်နေချိန်မှာပဲ ဂတ်ပို၊ မာဒူကီတို့ကို ရောင်းထုတ်လိုက်ပေမယ့် အမှတ်ပေးချန်ပီယံဆုအတွက် ဆက်လက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
နယ်သာလန်ဘောလုံးလောကမှာ ကျင်လည်နေချိန်အတွင်း အန်းစလော့က ဆောင်းရာသီအားလပ်ရက်ကို ပုံမှန်ခံစားနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ အလွန်အလုပ်များတဲ့ပွဲကျပ်ကာလနဲ့ အသားကျလာဖို့ ကြိုးစားသွားရပါမယ်။ Sky Sports နဲ့တွေ့ဆုံချိန် အန်းစလော့က “ အရင်နဲ့တော့ မတူတော့ပါဘူး။ အခုသီတင်းပတ်အတွင်းမှာဆို ကျွန်တော့်အစ်ကိုဦးဆောင်ကျင်းပတဲ့ ရုံတွင်းတင်းနစ်ပြိုင်ပွဲ ရှိပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာဆို ကျွန်တော် အားလပ်ရက်ရရှိခဲ့ပြီး ဒူဘိုင်းဆီ ၁၀ ရက်လောက် ခရီးထွက်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်လည်း ဒူဘိုင်းဆီ ခရီးမထွက်နိုင်တော့ဘဲ ပွဲစဉ်အနည်းငယ်ကိုတောင် ဖြတ်ကျော်သွားရပါဦးမယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး သူက ခရစ္စမတ်ကာလကို မိသားစုနဲ့အဝေးမှာ ဖြတ်သန်းရလို့ ခက်ခဲပါတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ အန်းစလော့က “ကလေးတွေ ကျောင်းတက်နေရလို့ ကျွန်တော့်ဇနီးက နယ်သာလန်နိုင်ငံမှာပဲ ရှိနေပါတယ်။ ဒါပေမယ့် စိတ်ကူးကမ္ဘာထဲမှာတော့ လီဗာပူးနည်းပြအဖြစ် ကိုယ့်ရဲ့ဝန်းကျင်မှာ မိသားစုရှိနေတယ်လို့ပဲ ခံစားရပါတယ်”လို့ ဆက်ပြောပါတယ်။