
လီဗာပူးရဲ့နွေရာသီအသုံးစရိတ်ကို ကာကွယ်ပြောဆိုလိုက်တဲ့ အန်းစလော့
လီဗာပူးအသင်းက အခုနွေရာသီမှာ ဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်ကို နှစ်ကြိမ်တိုင်ချိုးဖျက်ခဲ့ပြီး အန်းစလော့က သူတို့အသင်းရဲ့စံနှုန်းတွေအကြောင်း ရှင်းပြခဲ့ပါတယ်။
လီဗာပူးက အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ရှစ်ဦးအတွက် ပေါင် ၄၄၅ သန်းအထိ သုံးစွဲခဲ့ပြီး ဒီကစားသမားတွေအနက် နှစ်ဦးကိုခေါ်ယူဖို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ အသုံးပြုခဲ့ပါတယ်။
လတ်တလောမှာတော့ အန်းစလော့က ကလပ်အသင်းအသုံးပြုတဲ့ အပြောင်းအရွှေ့မိုဒယ်လ်အပြင် အတိတ်ကာလ၊ အပြောင်းအရွှေ့အသုံးစရိတ်ပိုင်းလျှော့ချနိုင်မှုနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအောင်ပွဲကြောင့် လီဗာပူးရဲ့အပြောင်းအရွှေ့ဈေးကွက်တက်ကြွလှုပ်ရှားလာပုံတို့ကို ရှင်းပြသွားခဲ့ပါတယ်။
အန်းစလော့က “ ဒါက ဒီကလပ်အသင်းမှာ အသုံးပြုတဲ့ပုံစံလို့ ယူဆမိပါတယ်။ ဒီအတွက် ကလပ်အသင်းပိုင်ရှင်တွေကိုလည်း အသိအမှတ်ပြုရပါမယ်။ ဒါ့အပြင် ကစားသမားများစွာကို အရောင်းအဝယ်ပြုလုပ်ခဲ့လို့ ကလပ်အသင်းပိုင်ရှင်တွေသာမက ရစ်ချတ်ဟုဂျ်၊ မိုက်ကယ်အိုလီဗာတို့အပါအဝင် အခုနွေရာသီဈေးကွက်မှာ ပါဝင်ပတ်သက်ခဲ့သူအားလုံးကို ချီးကျူးဂုဏ်ပြုပါတယ်။
ကျွန်တော်တို့က ပရီမီးယားလိဂ်ချန်ပီယံဆုရယူခြင်းအားဖြင့်၊ ကစားသမားတွေကို ရောင်းချခြင်းအားဖြင့် ကိုယ်ပိုင်ဘတ်ဂျက်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ရလဒ်အဖြစ် ကျွန်တော်တို့ ရောင်းချလိုက်တဲ့ကစားသမားတွေထက် ပိုမိုငယ်ရွယ်တဲ့ကစားသမားတွေကို အသင်းဆီ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အနာဂတ်အတွက် သက်သေပြပြီးတာမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ယူဆောင်ပေးလာတဲ့အရာအကြောင်း လူတိုင်းပြောနေကြတုန်းပဲဆိုတော့ ဒါက ကိုယ်ရရှိနိုင်တဲ့ အကြီးမားဆုံးချီးကျူးမှုတစ်ခု ဖြစ်ပါလိမ့်မယ်။
အရောင်းအဝယ်တွေ အများကြီးလုပ်ဖြစ်ခဲ့ပါတယ်။ နှစ်နှစ်ကျော်လောက် ပေါင် ၁၂၅ သန်းနဲ့ ပေါင်သန်း ၁၅၀ ကြားသာ သုံးစွဲထားပြီး အမှတ်ပေးချန်ပီယံဆုပါ ဆွတ်ခူးလိုက်နိုင်မယ်ဆိုရင် ငွေကြေးပမာဏများစွာ ထွက်ပေါ်လာပြီး ဆုံးရှုံးလိုက်ရတဲ့ကစားသမားတွေနေရာကို အစားထိုးဖြည့်ဆည်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
ဒါကြောင့် ဒီလိုအချက်အလက်တွေကိုသာ ထည့်သွင်းစဉ်းစားလိုက်မယ်ဆိုရင် လိဂ်ပြိုင်ပွဲမှာ အနိုင်ရရှိပြီး ကစားသမားတွေကို ရောင်းချခြင်းဖြင့် ကိုယ်ပိုင်ငွေကြေးတွေရရှိအောင်လုပ်ဆောင်ကာ အရည်အသွေးရှိသလို အရမ်းကောင်းတဲ့ကစားသမားတွေကို ဝယ်ယူခဲ့တဲ့ ဒီကလပ်အသင်းရဲ့မိုဒယ်လ်က အခြားကလပ်အသင်းများစွာအတွက် စံနမူနာကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။