The network connection is lost.

Banner Image

ဂွါဒီယိုလာကို စာနာသနားမိကြောင်း ပြောကြားလာတဲ့ အွန်နရီ

အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း သီယာရီအွန်နရီက သူ့အနေနဲ့ ဇနီးသည်နဲ့ကွာရှင်းထားတဲ့ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာကို စာနာသနားမိကြောင်းနဲ့ ဂွါဒီယိုလာဟာ သူ့ရဲ့ပုံစံအမှန်မှာရှိမနေဘူးလို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။ ယခုရာသီမှာ မန်စီးတီးအတွက် ရလဒ်ကောင်းတွေပုံဖော်ပေးနိုင်ဖို့ ရုန်းကန်နေရတဲ့ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အာဆင်နယ်ကို ၅-၁ နဲ့အရှက်တကွဲရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် မန်စီးတီးဟာ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရမှတ် ၁၁ မှတ်သာစုဆောင်းနိုင်ခဲ့ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ဖို့ ပလေးအော့ဖ် ၂ ပွဲကစားသွားရဖို့ရှိနေပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း လက်ရှိချန်ပီယံတွေဟာ ထိပ်ဆုံးက လီဗာပူးနဲ့ ၁၂ မှတ်အထိကွာဟနေကာ အဆင့် ၅ နေရာမှာသာရပ်တည်ထားနိုင်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ မန်စီးတီးရဲ့ရုန်းကန်မှုတွေရှိနေရတဲ့အထဲ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့လက ဇနီးသည်ဖြစ်သူ ခရစ္စတီနာဆာရာနဲ့ လမ်းခွဲထားခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဂွါဒီယိုလာနဲ့အတူ ဘာစီလိုနာမှာ လက်တွဲခဲ့ဖူးတဲ့ အွန်နရီက သူ့ရဲ့နည်းပြဟောင်းကို စာနာမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

အွန်နရီက “ကျွန်တော့်အနေနဲ့ မန်စီးတီးနဲ့ ပက်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဘောလုံးပြင်ပပြဿနာတွေက ပက်အတွက်ဖြေရှင်းရမလွယ်ကူပါဘူး။ ကျွန်တော် ဘာစီလိုနာကိုထွက်သွားခဲ့တုန်းကလည်း ပြင်ပပြဿနာတွေအများကြီးရှိခဲ့ပါတယ်။ စိတ်ဓာတ်အင်အားမကောင်းတဲ့အချိန်မှာဆိုရင် အဲဒီပြဿနာတွေက ရင်ဆိုင်ရခက်ပါတယ်။ ဒါကို လူတိုင်းနားလည်မယ်လို့ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကွင်းထဲမှာစွမ်းဆောင်ရည်ကောင်းနေရင်လည်း ဒီပြဿနာတွေက သူ့အလိုလို မပြေလည်သွားပါဘူး”

“ကျွန်တော်ထင်တာကတော့ ဘောလုံးကစားသမားတွေက မိနစ် ၉၀ အတွင်းကစားရတဲ့ ဘောလုံးပွဲတစ်ပွဲကိုပဲ အကောင်းဆုံးဖြစ်အောင်ဖြေရှင်းဖို့ အာရုံစိုက်ထားရတာမဟုတ်ပါဘူး။ ပြင်ပပြဿနာတွေလည်း ကိုယ်စီရှိနေကြပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။ အွန်နရီကလည်း ၂၀၀၇ ခုနှစ်မှာ ၄ နှစ်ကြာလက်တွဲခဲ့တဲ့ ဇနီးဖြစ်သူ ကလဲရ်မယ်ရီနဲ့ လမ်းခွဲထားခဲ့ဖူးသူဖြစ်ပါတယ်။ အဆိုပါကွာရှင်းမှုအတွက် မယ်ရီဟာ အွန်နရီထံမှာ ပေါင် ၁၀ သန်းအထိ နစ်နာကြေးတောင်းခဲ့ပါတယ်။ အွန်နရီကလည်း အာဆင်နယ်မှ ဘာစီလိုနာသို့မထွက်ခွာမီမှာပဲ မယ်ရီနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာထားခဲ့တာဖြစ်ပါတယ်။ 

အွန်နရီ ဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ကိစ္စကို မယ်ရီက သဘောမတူခဲ့တာကြောင့် လမ်းခွဲဖို့အထိ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထိုစဉ်က သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့ အွန်နရီဟာ ၁၅ နှစ်ကြာလက်တွဲခဲ့တဲ့ ချစ်သူ အန်ဒရီယာရာဂျာစစ်နဲ့ အတူတူနေထိုင်နေတယ်လို့သိရပါတယ်။