The network connection is lost.

Banner Image

အနာဂတ်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ မန်ချက်စတာသို့ရောက်ရှိလာတဲ့ အန်တိုနီ

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အန်တိုနီဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ခွာဖို့အလားအလာများနေပြီး ယခုအခါမှာတော့ အနာဂတ်အတွက်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ မန်ချက်စတာမြို့သို့ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။ 

ဆွေးနွေးမှုတွေအတွင်း အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီက အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့တဲ့ စပိန်လာလီဂါကလပ် ရီးရဲလ်ဘက်တစ်သို့ ပြန်သွားချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုသွားဖွယ်ရှိတယ်လို့သိရပါတယ်။ အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်မှာပုံမှန်နေရာမရတာကြောင့် ဘက်တစ်သို့အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပြီး ထိပ်တန်းခြေစွမ်းကိုပြန်လည်ရရှိခဲ့ကာ ပျော်ပျော်ရွှင်ရွှင်ဘောလုံးကစားနိုင်ခဲ့ပါတယ်။ 

သို့သော်လည်း ဘရာဇီးသားကို အေဂျက်စ်မှ ယူရိုသန်း ၁၀၀ အထိအသုံးပြုပြီးခေါ်ယူထားခဲ့တဲ့ ယူနိုက်တက်အနေနဲ့ကတော့ ကစားသမားကို ဘက်တစ်ထံနောက်ထပ်တစ်ရာသီအငှားချသွားဖို့ဆန္ဒရှိမှာမဟုတ်ပါဘူး။ အန်တိုနီအနေနဲ့ ဘက်တစ်သို့ပြောင်းရွှေ့နိုင်ဖို့ဟာ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတယ်လို့သိရပြီး ဘက်တစ်ဘက်ကတော့ ခေါ်ယူခွင့်ရရှိပါက ခေါ်ယူဖို့အသင့်ရှိနေကြောင်း မကြာသေးမီက ယူနိုက်တက်ထံအကြောင်းကြားပြီးဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဘက်တစ်ထံအန်တိုနီကိုရောင်းချမယ်ဆိုပါက လောလောဆယ်မှာ လျှော့ဈေးနဲ့ပဲရောင်းချသွားရမှာဖြစ်ပါတယ်။ 

သို့သော်လည်း ကစားသမားအနေနဲ့ ဘက်တစ်မှာခြေစွမ်းပိုမိုကောင်းမွန်လာပါက ဥရောပအသင်းကြီးတစ်သင်းသင်းက ကြေးကြီးကြီးနဲ့ပြန်လည်ခေါ်ယူနိုင်တာကြောင့် ယူနိုက်တက်အနေနဲ့ လက်ရှိအရောင်းအဝယ်စာချုပ်ထဲမှာ ကစားသမားတန်ကြေးရဲ့ ၅၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ခွင့်ရရှိမယ့် သဘောတူညီချက်ထည့်သွင်းသွားဖွယ်ရှိပါတယ်။ 

သို့သော်လည်း ဘရာဇီးသားအနေနဲ့ အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်လာဖို့ရှိမရှိ မသေချာသေးတာကြောင့် ယူနိုက်တက်ဘက်က အဆိုပါသဘောတူညီချက်အတွက် စဉ်စားနေဆဲဖြစ်ပါတယ်။ ဘက်တစ်ဘက်ကတော့ ဒီနွေရာသီအတွင်း အသင်းအတွက်အဓိကခေါ်ယူသွားရမယ့်ကစားသမားဟာ အန်တိုနီဖြစ်တယ်လို့ ရှုမြင်ထားပါတယ်။ အသင်းနည်းပြ ပယ်လီဂရီနီအနေနဲ့လည်း အန်တိုနီဟာ အသင်းကိုပိုမိုတိုးတက်စေတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ယုံကြည်နေပါတယ်။ 

အန်တိုနီအနေနဲ့ ဘက်တစ်သို့ပြန်လည်ပြောင်းရွှေ့ဖို့အတွက် ယူနိုက်တက်ထံ ခက်ခက်ခဲခဲတောင်းဆိုသွားရဖွယ်ရှိနေပြီး သူ့အနေနဲ့ ပြောင်းရွှေ့ခွင့်ရရှိပါကလည်း လက်ရှိအိုးလ်ထရက်ဖို့ဒ်မှာရရှိနေတဲ့လစာထက် အတော်လေးလျော့နည်းတဲ့ပမာဏကို စပိန်ကလပ်ထံမှရရှိသွားမှာဖြစ်ပါတယ်။ သို့သော်လည်း ယခုအပြောင်းအရွှေ့ဟာ ဖြစ်နိုင်ချေရှိနေဆဲဖြစ်လို့ အန်တိုနီကို စပိန်မြေမှာဆက်လက်မြင်တွေ့သွားရမလား စောင့်ကြည့်ရပါမယ်။