The network connection is lost.

Banner Image

မြောက်လန်ဒန်ဒါဘီရှုံးနိမ့်မှုမှာ လက်မခံချင်စရာစွမ်းဆောင်ရည်မျိုးပြသခဲ့တဲ့ တော့တင်ဟမ်အတွက် တာဝန်အပြည့်အဝယူခဲ့တဲ့ ပိုစတီကိုဂလူ

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ တော့တင်ဟမ်အသင်းရဲ့ဒါဘီပွဲစဉ်အတွက် ပိုစတီကိုဂလူက ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နေခဲ့ပြီး သူတို့အသင်းကစားဟန်မှာ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးနေခဲ့တယ်လို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်မှာ တော့တင်ဟမ်က ဆွန်ဟောင်မင်ရဲ့သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ထရော့ဆက်ဒ်၊ ဆိုလန်ကီ(O.G)တို့ရဲ့ဂိုးတွေ ဖြစ်ပေါ်လာပြီးနောက် ပထမပိုင်းပွဲချိန်အပြီး ၂-၁ ဂိုးဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်တွေမှာတော့ တော့တင်ဟမ်က ဘရန်နန်ဂျွန်ဆန်၊ မက်ဒီဆင်တို့လို တိုက်စစ်လက်နက်ကောင်းတွေ ထုတ်သုံးခဲ့ပေမယ့် တစ်ပွဲလုံးဂိုးပေါက်တည့်ကန်ချက် နှစ်ကြိမ်သာ စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရှုံးနိမ့်မှုအပါအဝင် တော့တင်ဟမ်အသင်းက အခုပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ၁၁ ပွဲအထိ ရှုံးနိမ့်ထားပြီး တန်းတက်အစ်ဆွစ်ချ်တောင်းထက်ပင် ရှုံးပွဲ ပိုများလာခဲ့သလို အမှတ်ပေးဇယားအဆင့်-၁၃ နေရာအထိ ဆင်းပေးခဲ့ရပါတယ်။

ပိုစတီကိုဂလူက “ အထူးသဖြင့် ပထမပိုင်းပွဲချိန်အတွင်းမှာ ကျွန်တော်တို့တွေ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မပြသနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်း တုံဏှိဘာဝေ ဖြစ်လွန်းပြီး အာဆင်နယ်က ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းကစားပုံ ပိုကောင်းခဲ့ပေမယ့် ဘယ်နေရာမှာမှ လုံလောက်တဲ့ ကောင်းမွန်မှုမျိုးနဲ့ မနီးစပ်ခဲ့ပါဘူး၊ လက်မခံချင်စရာပါပဲ။နောက်ဆုံးမှာတော့ တာဝန်အရှိဆုံးက ကျွန်တော်ပဲ ဖြစ်ပါတယ်။ ပွဲစတင်လာချိန်ကတည်းက အာရုံစူးစိုက်မှုတွေ ပျက်ပြားနေခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ ပိုကောင်းခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့ချမှတ်ထားချင်တဲ့ စံနှုန်းမျိုးနဲ့ အနီးစပ်ဆုံးဖြစ်အောင်တောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ကျွန်တော်တို့အတွက် ရွေးချယ်စရာမရှိပါဘူး။ အလုပ်ပြန်လုပ်ပြီး ခက်ခဲတဲ့ပွဲစဉ်တစ်ခုအတွက် ပြင်ဆင်သွားရမယ်။ အသင်းရဲ့ကစားဟန်က ကျွန်တော့်ကို နာကျင်စေပါတယ်။ ကျွန်တော်တို့တွေ ဒီနှစ်ထဲမှာ ရှုံးပွဲတွေ အရမ်းများနေပါပြီ။ ဒါတွေကို ရပ်တန့်သွားအောင် လုပ်သွားဖို့ လိုအပ်နေပါတယ်။ အခုအချိန်မှာ အရှုံးပေးလိုက်မယ်ဆိုရင်တော့ ပြောစရာမရှိတော့ပါဘူး။ ဒါပေမယ့် ဒီလိုရှုံးပွဲများပြားနေမှုကို ရပ်တန့်သွားအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လာမယ့်သီတင်းပတ်ကုန်ကာလမှာတော့ ကျွန်တော်တို့အတွက် ပွဲကြီးပွဲကောင်းတစ်ခု စောင့်ကြိုနေပါတယ်။ အဲ့ဒီပွဲစဉ်အပေါ်မှာပဲ အာရုံစိုက်ထားရပါမယ်”လို့ ပြောပါတယ်။

တော့တင်ဟမ်က လာမယ့်တနင်္ဂနွေနေ့မှာ အဲဗာတန်နဲ့အဝေးကွင်းပွဲစဉ် ဆင်နွှဲရဖို့ရှိနေပြီး ရလဒ်ဆိုးရွားခဲ့မယ်ဆိုရင် အမှတ်ပေးဇယားအဆင့်-၁၅ အထိ ရောက်ရှိသွားနိုင်ပါတယ်။  ဒါက နည်းပြအာဒီလက်စ်လက်အောက် ၁၉၉၃-၁၉၉၄ ဘောလုံးရာသီပိတ်သိမ်းချိန် ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ရပ်တည်မှုနဲ့ တူညီသွားပါလိမ့်မယ်။ အဆိုးထဲမှ အကောင်းကတော့ အာဆင်နယ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်တိုင်း ကိုးဂိုးအထိသွင်းယူထားနိုင်တဲ့ ဆွန်ဟောင်မင်က လန်ဒန်ဒါဘီပွဲစဉ်သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ပဉ္စမနေရာအထိ တက်လှမ်းလာခဲ့တဲ့ အချက်ဖြစ်ပါတယ်။

ဒါပေမယ့် တော့တင်ဟမ်က နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်ငါးခုမှာ လေးပွဲအထိ ရှုံးနိမ့်ပြီး ဝုဗ်နဲ့ သရေကျကာ အဆင့်-၄ နေရာရှိ နယူးကာဆယ်နဲ့ ၁၄ မှတ်တိတိ ကွာဟသွားခဲ့ပါတယ်။