
ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက် လာမယ့်အပတ်မှာ ရီးရဲလ်ကနေထွက်ခွာမယ့် အန်ဆယ်လော့တီ
အာဆင်နယ်ကိုအရေးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရတဲ့နောက်မှာ အန်ဆယ်လော့တီတစ်ယောက် လာမယ့်အပတ်မှာ ရီးရဲလ်ကနေထွက်ခွာတော့မယ်လို့ သိရပါတယ်။
အီတလီသားဟာ အာဆင်နယ်ကို ၂ ကျော့ပေါင်းရလဒ် ၅-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် အသင်းနဲ့ အနာဂတ်က မသေချာတဲ့အနေအထားဖြစ်လာခဲ့တာဖြစ်ပါတယ်။
အသက် ၆၅ နှစ်သား နဲ့ ရီးရဲလ်တို့ကြား အနာဂတ်က ရာသီမကုန်ခင်မှာတင် အပြီးသတ်ဖွယ်ရှိနေပါတယ်။ ၇ ပွဲကန်ဖို့ ကျန်နေချိန်မှာ ရီးရဲလ်အသင်းဟာ လာလီဂါချန်ပီယံဆုအတွက် ဘာစီလိုနာနဲ့ ၄ မှတ်ကွာဟနေပြီး ကိုပါဒယ်ရေးဖိုင်နယ်မှာလည်း ဘာစီလိုနာနဲ့ကန်ရမှာဖြစ်ပါတယ်။
စကိုင်းစပေါ့တ်သတင်းဌာနကတော့ အာဆင်နယ်နဲ့ချန်ပီယံလိဂ်ပွဲတွေဟာ အန်ဆယ်လော့တီအတွက် နောက်ဆုံးဖြစ်လာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
အခြားသတင်းတွေမှာတော့ အန်ဆယ်လော့တီဟာ ဘရာဇီးနည်းပြရာထူးကို ရယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘရာဇီးအသင်းဟာ အန်ဆယ်လော့တီကို ကာလရှည်ချိတ်ဆက်နေတာဖြစ်ပြီး ဘာနေဗျူးကနေ စောစီးစွာထွက်ခွာဖြစ်ခဲ့ရင် ခေါ်ယူဖွယ်ရှိနေပါတယ်။ အာဆင်နယ်ကိုအရေးနိမ့်ပြီးနောက် အန်ဆယ်လော့တီက သူ့အနာဂတ်နဲ့ပတ်သက်ပြီး “အဲ့တာက ဒီနှစ် ဒါမှမဟုတ် နောက်နှစ်မှဖြစ်လာနိုင်ပါတယ်။ ဘာပြဿနာမှမရှိပါဘူး။
ဒါပေမယ့် ကျွန်တော်ဒီမှာ အလုပ်ပြီးချိန် ဒီအသင်းအတွက် အကျိုးပြုချင်ပါတယ်။ အဲ့တာက မနက်ဖြန်လည်းဖြစ်လာနိုင်ပါတယ်။ ၁ နှစ် ဒါမှမဟုတ် ၁၀ နှစ်လည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော် ဒီအသင်းအတွက် အောင်မြင်မှုတွေယူပေးနိုင်ပြီဆိုရင် ရပ်လိုက်မှာပါ။ မနှစ်ကတော့ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ နည်းနည်းခံစားခဲ့ရပါတယ်။
အခြေအနေတွေက ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် ဘောလုံးမှာက အဲ့လိုဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရှုံးပွဲမရှိတဲ့အသင်းဆိုတာ မရှိတာကြောင့်ပါ”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်နည်းပြက ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပါတယ်။ “အာဆင်နယ်က ကျွန်တော်တို့ထက်ပိုကောင်းပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ပင်နယ်တီက အလှည့်အပြောင်းဖြစ်နိုင်ခဲ့ပါတယ်။ အဲ့တာသာရခဲ့ရင် အပြောင်းအလဲဖြစ်နိုင်မှာပါ။
ဒါပေမယ့် အာဆင်နယ်ခံစစ်က အကောင်းဆုံးအနေအထားမှာရှိခဲ့ပါတယ်။ ကျွန်တော်တို့ နေရာလွတ်တွေရှာဖွေဖို့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ သာမန်ထက်ပိုကောင်းအောင်ကစားခဲ့ပေမယ့် မလုံလောက်ခဲ့ပါဘူး”လို့ အန်ဆယ်လော့တီက ဝန်ခံပြောကြားခဲ့ပါတယ်။