The network connection is lost.

Banner Image

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း အန်ဆယ်လော့တီ ထုတ်ဖော်ပြောကြား

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက ရီးရဲလ်ကနေထွက်ခွာရမယ်ဆိုတာကို သိနေခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ အီတလီသားဟာ ရီးရဲလ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ရာမှာ ဆုဖလား ၁၅ လုံးအထိရယူပေးနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ်မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီရာသီမှာတော့ ဘာပေ ၊ ဗင်နီ ၊ ဘယ်လင်ဟမ်တို့ရှိနေပေမယ့် ဆုဖလားတစ်လုံးမှရယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အန်ဆယ်လော့တီက ရီးရဲလ်အသင်း ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက် ၂ ဦးသဘောတူလမ်းခွဲရမယ့်အချိန်ရောက်လာခဲ့ပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အမှုဆောင် ပီရက်ဇ်ကလည်း အဆိုပါပွဲအပြီးမှာ နည်းပြသစ်နေရာအတွက် အလွန်ဆိုကို ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

မေလ ၂၅ ရက်နေ့တုန်းက ရီးရဲလ်အသင်းဘက်က အလွန်ဆိုကို အန်ဆယ်လော့တီနေရာမှာ ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ “ရလဒ်တွေက ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ အသင်းကစားပုံက အကောင်းကြီးမဟုတ်ခဲ့သလို တစ်စုံတစ်ခုလုပ်ရမယ့်အချိန်ဆိုတာ သိလာခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲအပြီးမှာ ကျွန်တော်တို့စကာားပြောဖြစ်ပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။ တစ်စုံတစ်ခုလာနေပြီဆိုတာ မြင်နိုင်ပါတယ်။ အသင်းက အခြေအနေကောင်းမှာရှိမနေသလို ကျွန်တော်တို့ အပြောင်းအလဲလုပ်ရမယ်ဆိုတာကို နားလည်လိုက်ပါတယ်။

ကျွန်တော့်အတွက်တော့ ဘရာဇီးအသင်းထံပြောင်းရွှေ့တာက အကောင်းဆုံးပါ”လို့ မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ဘရာဇီးအသင်းကိုကိုင်တွယ်မှာဖြစ်ပြီး လာမယ့်ဇွန်လမှာ ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အီကွေဒေါ ၊ ပါရာဂွေးအသင်းတွေနဲ့ကန်ရမှာဖြစ်ပါတယ်။