
လာလီဂါရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသထွက်နေတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်အသင်းကတော့ ချန်ပီယံလိဂ်ရှုံးပွဲကို ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက် လာမယ့်အလာဗက်စ်နဲ့ပွဲမှာ အနိုင်ကန်ဖို့ ပစ်မှတ်ထားနေပါတယ်။ စနေနေ့ ဘာစီလိုနာက အနိုင်ကန်နိုင်ခဲ့တာကြောင့် ရီးရဲလ်အနေနဲ့ မဖြစ်မနေအနိုင်ကန်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အင်တာဗျူးမှာ အန်ဆယ်လော့တီက သူ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားခဲ့သလို အာဆင်နယ်နဲ့ပွဲအပြင် အလာဗက်စ်နဲ့ပွဲကိုအနိုင်ကန်ပြီး အရှိန်အဟုန်ကို ဆက်ထိန်းနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
“လူတိုင်းက အာဆင်နယ်နဲ့ဒုတိယအကျော့ပွဲကိုပဲ တွေးနေပါတယ်။ ဒါပေမယ့် အဲ့တာက မနက်ဖြန်အလာဗက်စ်နဲ့ပွဲစွမ်းဆောင်ရည်အပေါ်မှာ မူတည်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လာလီဂါအတွက် ဆက်လက်တိုက်ပွဲဝင်ရပါဦးမယ်။ ခင်ဗျားအနေနဲ့ ကောင်းကောင်းကစားပြီး အနိုင်ကန်ရပါမယ်။ ကျွန်တော်တို့ အာဆင်နယ်နဲ့ပွဲထက် အလာဗက်စ်နဲ့ပွဲကို အရင်တွေးရပါမယ်။ အနိုင်ကန်ဖို့ ကြိုးစားရပါမယ်။ ဘာလို့လဲဆိုတော့ အဲ့ပွဲကနေ ကောင်းမွန်တဲ့စိတ်ခွန်အားရဖို့ လိုအပ်တာကြောင့်ပါ”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ အလာဗက်စ်နဲ့ပွဲကို တနင်္ဂနွေကထက် စနေနေ့မှာကန်ဖို့ မျှော်လင့်ခဲ့သလို လာလီဂါထံစာတင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။ “အမှန်တရားက ရီးရဲလ်အနေနဲ့ ဒီလိုမျိုးအရာတွေကို လုပ်ခဲ့တဲ့အသင်းပါ။ ကျွန်တော်တို့ နောက်ဆုံးမိနစ်မတိုင်ခင်အထိ ကြိုးစားသွားမှာပါ။ နောက်ဆုံးဘောလုံးမတိုင်အထိပါ။
မနက်ဖြန်ကနေစတင်ရမှာပါ။ ပွဲကဘာကြောင့်တနင်္ဂနွေမှာဖြစ်နေလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ ဒါပေမယ့် အဲ့တာကိုကန်ရပါမယ်။ ဒီရာသီမှာ ဒီလိုပွဲတွေများပါတယ်။ အဲ့တာကို နားမလည်နိုင်ဖြစ်ပေမယ့် အမှန်တရားက ကျွန်တော်တို့ ၇၂ နာရီထက်ပိုနားရဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စောဒဂတက်လို့မရပါဘူး”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
ဗလန်စီယာ နဲ့ အာဆင်နယ်တို့ကို ၂ ပွဲဆက်အရေးနိမ့်ပြီးနောက် ရီးရဲလ် နဲ့ အန်ဆယ်လော့တီအတွက် သတင်းကောင်းက ဆီဘယ်လော့စ်တစ်ယောက် မနက်ဖြန် နဲ့ အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်တော့မှာဖြစ်ပါတယ်။