
ရီးရဲလ်မက်ဒရစ်ရဲ့ဗင်နီးစီးယက်စ်ကို ဘရာဇီးအသင်း လိုအပ်တယ်လို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်မှာပြသခဲ့တဲ့ ပုံစံကောင်းကို တိုက်စစ်မှူးဗင်နီးစီးယက်စ် ပြန်လည်ရှာဖွေနိုင်ရန် ဘရာဇီးအသင်း ကူညီပေးရမယ်လို့ လက်ရွေးစင်အသင်းနည်းပြသစ်အန်ဆယ်လော့တီက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ စပိန်ဘီလူးကြီးတွေအတွက် ဘရာဇီးသားတိုက်စစ်မှူးနဲ့အတူ ဆုဖလာအောင်မြင်မှုများစွာ ရှာဖွေပေးခဲ့တဲ့ အန်ဆယ်လော့တီက ပြိုင်ဘက်အသင်းခံစစ်ကြောင်းအပေါ် ပြတ်ပြတ်သားသား ချေမှုန်းပစ်နိုင်တဲ့ ဗင်နီးစီးယက်စ်ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ထုတ်ပြောလာခဲ့ပါတယ်။
ကြာသပတေးနေ့၊ အီကွေဒေါနဲ့ ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို သူ့ရဲ့ပွဲဦးထွက်အဖြစ်ကိုင်တွယ်တော့မယ့် အန်ဆယ်လော့တီက “ ဒီအသင်းမှာ ဗင်နီးစီးယက်စ်ရဲ့အကောင်းဆုံးပုံစံရှိနေသလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်မှာလုပ်နေတဲ့အရာတွေကို ဒီအသင်းမှာလည်း လုပ်သွားဖို့အတွက် ဗင်နီးစီးယက်စ်မှာ အချိန်ရှိပါတယ်။
ကျွန်တော်တို့အတွက်တော့ ဗင်နီးစီးယက်စ်က အခြေခံအကျဆုံးကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒီအသင်းမှာ သူ့ရဲ့အကောင်းဆုံးပုံစံထွက်ပေါ်လာဖို့ ကျွန်တော်တို့ လုပ်ပေးသွားရပါမယ်”လို့ ပြောပါတယ်။ ဗင်နီးစီးယက်စ်က ၂၀၂၂ ခုနှစ်၊ ကာတာနိုင်ငံမှာ သူ့ရဲ့ပွဲဦးထွက်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာမယ့်နှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲအဆင့်ပွဲစဉ်တွေမှာလည်း ပုံမှန်ပွဲထွက်ခွင့် ရရှိနေပါတယ်။ ဒါပေမဲ့ သူက နိုင်ငံ့လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ရလေ့ရှိပြီး ရီးရဲလ်မက်ဒရစ်မှာရှိနေချိန် ပြသနိုင်တဲ့ စွမ်းဆောင်ရည်မျိုးလည်း ထုတ်မပြနိုင်ခဲ့ပါဘူး။
နည်းဗျူဟာပိုင်းချဉ်းကပ်မှုနဲ့ပတ်သက်လို့ အန်ဆယ်လော့တီက ကွင်းတွင်းမှာ စုစည်းကျစ်လစ်ပြီး ဟန်ချက်ညီတဲ့အသင်းတစ်ခု ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ရှင်းပြပါတယ်။ သူက “ ပုံသေကားကျဆန်တဲ့ အသင်းတစ်ခုကို ကျွန်တော် မလိုချင်ပါဘူး။ ၄-၃-၃ ပဲဖြစ်ဖြစ်၊ ၄-၄-၂ ပဲဖြစ်ဖြစ် ခံစစ်ကို အကောင်းဆုံးကာကွယ်နိုင်ရပါမယ်။ ကျွန်တော်တို့အတူတကွ ခံစစ်ကို ကာကွယ်ပေးဖို့ လိုအပ်သလို ဘောလုံးနဲ့အတူ ဖန်တီးနိုင်စွမ်းတွေကို အသုံးချသွားဖို့လည်း လိုအပ်ပါတယ်။
ဒီနေ့ခေတ်မှာ တစ်ဦးချင်းအရည်အသွေးရှိရုံနဲ့ မလုံလောက်တော့ပါဘူး။ အားလုံးစုပေါင်းပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ မောင်းနှင်သွားနိုင်ဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။ ဘရာဇီးက တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအမှတ်ပေးဇယားရဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပြီး အီကွေဒေါကတော့ ကမ္ဘာ့ချန်ပီယံအာဂျင်တီးနားရဲ့နောက်ကပ်လျက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးခြောက်နေရာမှာရပ်တည်နိုင်တဲ့အသင်းတွေက ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ပါလိမ့်မယ်။ ဘရာဇီးက လာမယ့်သီတင်းပတ်၊ ဆော်ပေါ်လိုမှာ ပါရာဂွေးကို ဧည့်ခံကစားပြီး လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ကို စောစောစီးစီးရရှိသွားနိုင်ပါတယ်။